မြစ်ကြီးနား၊ ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ပထမဆုံးအကြိမ်ဌာနပေါင်းစုံ သုတေသနနည်း စနစ်သင်တန်းအား Online မှ Virtual စနစ်ဖြင့် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက စတင်ဖွင့် လှစ်လျက်ရှိကြောင်း မြစ်ကြီးနားတက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာအောင်ကိုကိုလင်းထံမှ သိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် သုတေသနလုပ်ငန်းများအား ကောင်းကောင်းမွန်မွန် နားလည်သဘောပေါက်ပြီး သုတေသနလုပ်နိုင်မည့် ပညာရှင်တွေ ပေါ်ထွက်လာမည် ဖြစ်ကြောင်းနှင့် သုတေသနစွမ်းရည်အားဖြင့် ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံမှာရှိသည့် နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် ဖြေရှင်းရခက်နေသော ပြဿနာများကို သုတေတနအားဖြင့် အဖြေရှာဖော်ထုတ်ပြီး တိုင်းကျိုးပြည်ပြုသည့် သုတေသနစာတန်းတွေထွက်ပေါ်လာနိုင်မည်ဟု မြစ်ကြီးနားတက္ကသိုလ် စိတ်ပညာဌာနမှ ဒေါက်တာအောင်ကိုကိုလင်းက ပြောသည်။
မြစ်ကြီးနားတက္ကသိုလ်သင်ကြားရေးဝန်ထမ်းများနှင့် ကျောင်းသားများ၏ သုတေသန လှုပ်ရှားမှုမြှင့်တင်ရေး၊ မြစ်ကြီးနားတက္ကသိုလ်တွင်ပြုလုပ်သည့် သုတေသနလုပ်ငန်းများ နည်းစနစ်မှန်ကန်ရေးနှင့် သုတေသနကျင့်ဝတ်ညီညွတ်ရေး၊ မြစ်ကြီးနားတက္ကသိုလ်ထွက်ရှိသော သုတေသနစာတမ်းများ၊ သုတေသနအခြေပြုကျမ်းများ အရည်အသွေးနှင့် ဂုဏ်သိက္ခာမြင့်မား ရေး၊ မြစ်ကြီးနားတက္ကသိုလ်၏ သုတေသနလုပ်ငန်းများကို နိုင်ငံတကာတက္ကသိုလ်များ၊ သုတေသန အင်စတီကျူများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ပြီး နိုင်ငံတကာအဆင့်သို့ တက်လှမ်းရေး၊ မြစ်ကြီးနားတက္ကသိုလ်၏ သုတေသနလုပ်ငန်းကိုအခြေပြု၍ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတစ်ခုလုံး၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍစုံဘက်စုံဖွံ့ဖြိုးမှုမြှင့်တင်ရေး ဟူသော အဓိက ရည်မှန်းချက်များသို့ မျှော်မှန်းထားသည့် အချိန်ကာလအတွင်း အရောက်လှမ်းရန် သုတေသန နည်းစနစ်သင်တန်းဖွင့်ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြစ်ကြီးနားတက္ကသိုလ်တွင် ဖွင့်လှစ်သည့် ပထမဆုံးအကြိမ်သုတေသနနည်းစနစ် သင်တန်းတွင် ဌာန(၁၅)ခုမှ ဆရာ/ဆရာမပေါင်း (၁၄၀)ကျော်အား ဇန်နဝါရီ ၁၁ ရက်နေ့မှ ဖေဖော်ဝါရီ ၅ ရက်နေ့ထိ Online မှ Virtual စနစ်ဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယော်ဆောင်(ပြန်/ဆက်)


