နေပြည်တော်၊ ၁၁ ဇန်နဝါရီ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ဌာနဆိုင်ရာ အကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး ကိုယ်ကျိုးအတွက်စီးပွားရှာ၍ မမှန်မကန် ဆောင်ရွက်နေမှု များကြောင့် အဂတိလိုက်စားမှုပပျောက်ရေးအတွက် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သို့ တိုင်ကြားခဲ့သည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်သည် လေကြောင်းလမ်းညွှန်ထိန်းသိမ်းမှုစစ်ဆေးရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ရာထူးနှင့် လေကြောင်းပျံသန်းမှု လမ်းညွှန်ထိန်းသိမ်းရေးဌာနခွဲ၏ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို တာဝန်ထမ်းဆောင်စဉ်အတွင်း လုပ်ပိုင်ခွင့် အာဏာကိုအသုံးပြု၍ ကိုယ်ပိုင်စီးပွားရေးအသွင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပ Agent (operator)များထံမှ လေကြောင်း ဖြတ်ကျော်ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေဖြင့် permit နံပါတ်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀၀, ၆၀, ၄၀ စသဖြင့်ပေးရန် ဦးစိုးပိုင်အမည်ဖြင့် ဖွင့်ထားသည့် email ကို အသုံးပြု၍ အကြောင်းကြားခဲ့ပြီး ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီပေးပို့သည့် အမြန်ဆောင်ရွက်ခ အပါအဝင် အမေရိကန်ဒေါ်လာ ၇၂၀၆၆ ဒေါ်လာ ကို ဦးစိုးပိုင်အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ပေးသွင်းစေခဲ့ခြင်းနှင့် ငွေကြေးများ လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးစိုးပိုင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။
သတင်းစဉ်


