ရန်ကုန်၊   ၁၁   ဇန်နဝါရီ

မြန်မာ့မီးရထားမှ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အနောက်ခြမ်းနှင့် အရှေ့ခြမ်းဟူ၍ နှစ်ပိုင်းခွဲခြားပြီးဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ပတ်အနောက်ခြမ်းရထားလမ်းအဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ အစုန်အဆန်ရထားများ ပုံမှန်အတိုင်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“အခုဆိုရင် ရထားလမ်းတွေကောင်းလာတော့ ကျွန်တော်တို့ရထားတွေအနေနဲ့ အရှိန်တင်လို့ရတာပေါ့။ အရင် လမ်းပိုင်းတွေက သိပ်မကောင်းဘူး။ အခုတော့ 60 km/h နဲ့စမ်းကြည့်တော့ အဆင်ပြေတယ်။ လမ်းကောင်းတဲ့အတွက် ခရီးသည်တွေလည်း သက်တောင့်သက်သာစီးလို့ရမယ်။ ရထားမြန်လာမှာဖြစ်တဲ့အတွက် သွားရ တဲ့အချိန်တိုသွားမှာပါ” ဟု မြန်မာ့မီးရထား၊ တိုင်းအမှတ် (၇)၊ လက်ထောက်အထွေထွေမန်နေဂျာ (သွားလာ ရေး/တိုင်း) ဦးဇော်လွင်က ပြောကြားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း (အနောက်ခြမ်း)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အေဝမ်းကုမ္ပဏီမှ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် အပိုင်း သုံးပိုင်းခွဲ၍ စတင်ဆောင်ရွက်ခဲ့ရာ တညင်းကုန်း-အင်းစိန်(၃ ဒသမ ၇၅) မိုင်၊ အင်းစိန်-ကြည့်မြင်တိုင်(၅ ဒသမ ၅)မိုင်နှင့် ကြည့်မြင်တိုင်-ဘုရားလမ်း(၃)မိုင်တို့ပါဝင်ကာ စုစုပေါင်း ၁၂ ဒသမ ၂၅ မိုင် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ပြုပြင်ရန် နောက်ဆုံးကျန်ရှိနေ သော ကြည်မြင်တိုင်-ဘုရားလမ်း (အတွင်းလမ်းပိုင်း)အား ဖွင့်လှစ်နိုင်ခဲ့သဖြင့် အေဝမ်းကုမ္ပဏီနှင့်ဆောင်ရွက် ခဲ့သော ရန်ကုန်မြို့ပတ် အနောက်ခြမ်းရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း သိရ သည်။

ရန်ကုန်မြို့ပတ်အရှေ့ခြမ်းအား ရွှေတောင်ကုမ္ပဏီမှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ တညင်း ကုန်း-ပုရွက်ဆိတ်ကုန်း(၇ ဒသမ ၅)မိုင်နှင့် ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင် (၈ ဒသမ ၅) မိုင်ကို အပိုင်းနှစ်ပိုင်းခွဲ၍ စုစုပေါင်း ၁၅ ဒသမ ၇၅ မိုင်ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၇ နာရီတွင် ရေကူး-တာမွေ (အပြင်လမ်း)ကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် တညင်းကုန်းဘူတာမှ တာမွေဘူတာအထိ အစုန်အဆန်(အတွင်းလမ်း/ အပြင်လမ်း)လမ်းများ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တာမွေ-ပုဇွန်တောင်လမ်းပိုင်းတွင် အပြင်လမ်းမှာ ပြုပြင်ထားပြီးဖြစ်ကာ အတွင်းလမ်းပိုင်းမှာ ဆောင်ရွက်ဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်သည့် တာမွေ-ပုဇွန် တောင် အတွင်းလမ်းပိုင်းအား ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲကာလဖြစ်သည့်အတွက် မြို့ပတ်ရထားပြေးဆွဲမှုများအနေဖြင့် ရန်ကုန်- မင်္ဂလာဒုံ၊ ရန်ကုန်- ဒညင်းကုန်း၊ ရန်ကုန်-ရွာသာကြီး လမ်းပိုင်းများတွင် ရထားတွဲဆိုင်း ၃ ဆိုင်းဖြင့် မနက်ပိုင်းနှင့် ညနေ ပိုင်း ရုံးချိန်ရထားများကိုသာ ပြေးဆွဲပေးလျက်ရှိပြီး တစ်ရက်လျင် ရုံးဖွင့်ရက်များ၌ ပျမ်းမျှခရီးသည် ၃၇၀၀ နှင့် ရုံးပိတ်ရက်များတွင် ဦးရေ ၃၁၀၀ ခန့် စီးနင်းလိုက်ပါလျက်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်

 

DSC_0824