မာန်အောင်၊ ၁၁ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲက မြို့နယ်မီးသတ်ဦးစီဌာန ရုံးဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်များ ဖြစ်ပေါ်လာပြီး အဆောက်အဦပျက်စီးမှုများဖြစ်ပေါ်လာပါက ပိတ်မိနေသည့် လူနာများအား အရေးပေါ်ရှာဖွေ ကယ်ထုတ်ပေးခြင်း၊ သတိမေ့မျောနေသည့် လူနာများအား ရှေးဦးသူနာပြုစုနည်းများဖြင့် ကူညီကယ်ဆယ်မှုများ ပြုလုပ်ခြင်း၊ မီးငြှိမ်းသတ်ခြင်း စသည့်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)


