နေပြည်တော်၊ ၁၁ ဇန်နဝါရီ
တတိယအကြိမ် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေး၌ ဗဟိုကော်မတီနာယက၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃၊ ပုဒ်မ ၁၂၄ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၁၅၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တာဝန်ဆက်လက်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ခေါ်ယူကျင်းပပေးရမည်ဖြစ်ကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ ပထမပုံမှန်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်ရန် ဖိတ်ကြားထားပြီး ဇန်နဝါရီ ၂၃ ရက်ထက်မစော ၂၄ ရက်ထက် နောက်မကျစေဘဲ နေပြည်တော်သို့ရောက်ရှိသတင်းပို့ရန် လွှတ်တော်ကိုယ်စား လှယ်များကို ခေါ်ယူထားပါကြောင်း။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်၌ စတင်ကျင်းပရန် လျာထားပါကြောင်း၊ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်ရေးရာ ကော်မတီများဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ ခန့်အပ်တာဝန်ပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အတည်ပြုခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများသည် နိုင်ငံတော်နှင့် နိုင်ငံသား ပြည်သူအားလုံးအတွက် အလွန်အရေးကြီးသောကိစ္စရပ်များဖြစ်ပါ၍ လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ကော်မတီများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ယခင်ဒုတိယအကြိမ် လွှတ်တော်အတွေ့အကြုံများအပေါ် မူတည်၍ ပိုမိုသင့်လျော်ကောင်းမွန်သည့် လုပ်ငန်းအစီအမံများဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် က တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ကျင်းပချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် အကြံပြုဆွေးနွေး ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်း ကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


