ကလျာမိုးမြင့်

 

ကိုဗစ်-၁၉ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူပညာရှင်တွေက ရောဂါကို ကာကွယ်တားဆီးနိုင်မယ့် နည်းလမ်းတွေနဲ့ ရောဂါကို ရပ်တန့်စေနိုင်မယ့် နည်းလမ်းတွေကို အချိန်တိုင်းမှာ လေ့လာဆန်းစစ်နေသလို ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေး နိုင်ဖို့အတွက်လည်း နောက်ဆုံးရ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြနိုင်အောင် ကြိုးပမ်း နေကြပါတယ်။

 

ဂျပန်နိုင်ငံက ကိုဗစ် - ၁၉ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ အကြံပေးအဖွဲ့က လက်ရှိမှာ ကိုဗစ် - ၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုဆီ ဦးတည်နေတဲ့ အန္တရာယ်ကြီးတဲ့ အခြေအနေငါးမျိုးကို သတိပေး ဖော်ပြလိုက်ပါတယ်။

 

ဝိုင်းဖွဲ့၍ အရက်သောက်သုံးခြင်း

 

အရက်သောက်သုံးရတာကို နှစ်ခြိုက်တဲ့သူတွေ ဝိုင်းဖွဲ့ပြီး အရက်သောက်ကြတဲ့အခါ စိတ်တွေလှုပ်ရှား တက်ကြွလာပြီး စကားတွေ ကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။ ။

 

အထိမ်းအမှတ်တစ်ခုခု ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ တွေ့ဆုံတုန်း မှာ လူအနည်းငယ် သို့မဟုတ် အများအပြားစုဝေးပြီး သောက်ကြစားကြတဲ့အခါ အရက်ခွက်တွေကို အတူဝေမျှသောက်ကြတာ၊ အမြည်း သို့မဟုတ် အစားအစာတွေစားတဲ့အခါ တူတွေ၊ ဇွန်းတွေ အတူဝေမျှသုံးကြတာတွေ ရှိလာပါတယ်။ အဲဒီအခါမှာ ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်နိုင်တဲ့ အန္တရာယ် အတော်လေးများတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

 

အချိန်ကြာမြင့်စွာ ဝိုင်းဖွဲ့ နေထိုင်ခြင်း

 

မြန်မြန်ဆန်ဆန်စားသောက်ပြီး အိမ်တန်းပြန်ရတဲ့ စားသောက်ဆိုင် နေရာတွေနဲ့ယှဉ်ရင် ဘားဆိုင်တွေနဲ့ နိုက်ကလပ်လို နေရာတွေမှာ ကိုဗစ် - ၁၉ ကူးစက်နိုင်ခြေပိုပြီးမြင့်မားပါတယ်။ ဒီလိုနေရာတွေမှာ လူတွေက မူးယစ်သောက်စား ပျော်ရွှင်နေချိန် စကားကျယ်ကျယ်လောင်လောင် ပြောကြပြီး အသက်ရှူလမ်းကြောင်းမှာ ပါလာတဲ့ အမှုန်အစက်တွေ ရှူထုတ်မှုကလည်း ပိုပြီးများလို့ ဖြစ်ပါတယ်။ ဒီတော့ ရောဂါကူးစက်မှုကို လျှော့ချဖို့ အစီအမံအနေနဲ့ ဒီလိုနေရာတွေကို ပိတ်ပင်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

နှာခေါင်းစည်းမတပ်ဘဲ စကားပြောခြင်း

 

လူတစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာရှိနေတဲ့ အနေအထားမှာ တစ်ယောက်ယောက်က ဒါမှမဟုတ် နှစ်ယောက်လုံးက ပါးစပ်နှာခေါင်းစည်း တပ်ဆင်မထားရင် စကားပြောတဲ့အခါနဲ့ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အရည်၊ အစက်၊ အမှုန်၊ အမွှားတွေကနေ တခြားတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်သွားပြီး ရောဂါကူးစက်သွားနိုင်တဲ့ အန္တရာယ် အတော်လေးများပါတယ်။ ဒါကြောင့် အများပြည်သူသုံး ဘတ်စ်ကားတွေနဲ့ လိုက်ပါတဲ့အခါမှာ တစ်ဦးနဲ့တစ်ဦး စကားစမြည်ပြောဆိုတာကိုပါ ကန့်သတ်ဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

 

အများသုံးနေရာများကို အကြိမ်များစွာမျှဝေအသုံးပြုခြင်း

 

အများသုံးနေရာတွေဖြစ်တဲ့ အဆောင်မှာရှိတဲ့ အခန်းတွေနဲ့ သန့်စင်ခန်းလို နေရာတွေကနေ ရောဂါကူးစက်ဖြစ်ပွားရတဲ့ ကိစ္စတွေလည်း ရှိနေတာကိုကြည့်ရင် အများသုံးနေရာတစ်ခုကို လူတွေအချိန်အကြာကြီး အတူတကွမျှ ဝေအသုံးပြုရခြင်းကြောင့် ရောဂါကူးစက်မှု အန္တရာယ်မြင့်မားတယ်ဆိုတဲ့ အခြေအနေတစ်ရပ်ကို တွေ့ရတယ်လို့ ကူးစက်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့က သတိပေးထားပါတယ်။

 

အလုပ်နားချိန်တွေမှာ ရောနှောဆက်ဆံခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်း

 

နောက်ထပ်ရောဂါကူးစက်ဖြစ်ပွားစေနိုင်တဲ့ အခြေအနေတစ်ခုကတော့ လုပ်ငန်းခွင်တွေမှာရှိတဲ့ နားနေခန်းတွေ၊ ဆေးလိပ်သောက်သုံးမှုရှိတဲ့ နေရာတွေနဲ့ အဝတ်လဲခန်းတွေဟာ ရောဂါကူးစက်မှု အန္တရာယ်များတဲ့ အရင်းအမြစ် တွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

 

လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့သူတွေ ခဏတဖြုတ် နားနေကြတဲ့အချိန်မှာ ခေတ္တပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်အခြေအနေက တစ်ဦးနဲ့ တစ်ဦး ရောနှောဆက်ဆံ ထိတွေ့မှုဖြစ်စေတဲ့အတွက် ရောဂါပိုးကူးစက်နိုင်တဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်တယ်လို့ သိရပါတယ်။

 

ဘယ်လိုလျှော့ချမလဲ

 

အစာစားချိန်မှာ ရောဂါကူးစက်နိုင်တဲ့အန္တရာယ်ကို ဘယ်လိုလျှော့ချမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။ အစိုးရရဲ့ ကူးစက်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ကတော့ မရှောင်လွှဲနိုင်တဲ့ လူစုလူဝေးကာလတွေမှာ ရောဂါကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်ထားကြဖို့ ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။

 

တွေ့ဆုံမှုတွေမှာ သောက်ကြစားကြမယ့် အစီအစဉ်တွေ ပါလာပြီဆိုတဲ့အခါ သောက်စားတဲ့အချိန်ကို မကြာမြင့်စေဖို့နဲ့ ပါဝင်တဲ့လူတွေကိုလည်း သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်း ခပ်ခွာခွာစုဝေးတဲ့ အနေအထားမျိုး ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။ ညဉ့်နက်တဲ့အထိ ပါတီပွဲတွေပြုလုပ်ခြင်းကို ရှောင်ရှားဖို့နဲ့ အရက်သေစာအလွန်အကျွံသောက်သုံးခြင်းမပြုဖို့လည်း အကြံ ပြုထားပါတယ်။

 

မျက်နှာဖုံးအကာ တစ်မျိုးတည်းဖြင့် မကာကွယ်နိုင်

 

အစည်းအဝေးပြုလုပ်တဲ့အခါမှာလည်း အစည်းအဝေးထိုင်သူတွေအနေနဲ့ ထောင့်ဖြတ်အနေအထား ထိုင်ကြဖို့၊ တစ်ဦးရဲ့ ဘေးချင်းကပ်မှာ တစ်ဦးက တည့်တည့်ထိုင်တာမျိုး မပြုလုပ်ဖို့ သတိပေးထားပါတယ်။ စကားပြောဆို ဆွေးနွေးချိန်မှာ နှာခေါင်းစည်းတပ်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပြီး ပါးစပ်၊ နှနှာခေါင်းအပြင် မျက်နှာဖုံးအကာကိုပါ တပ်ဆင်ထားရင် ပိုပြီး စိတ်ချရနိုင်မှာဖြစ်ပါတယ်။ မျက်နှာဖုံး အကာတစ်မျိုးတည်း တပ်ဆင်ထားခြင်းကတော့ ရောဂါပိုးကူးစက်မှုကို မကာကွယ်နိုင်ဘူးလို့ သတိပေးထားပါတယ်။

 

အရေးကြီး

 

ရောဂါကူးစက်မှုဖြစ်စေနိုင်တဲ့ အပြုအမူနဲ့ အခြေအနေအချိန်အခါကို သတိထားသိရှိပြီး ပြောင်းလဲပစ်ဖို့က အင်မတန်အရေးကြီးတဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဂျပန်အစိုးရရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲ အိုမီ ရှီဂါရူက ပြောကြားခဲ့ပါတယ်။ ။

 

အကြံပေးအဖွဲ့က ဖော်ပြတဲ့အသိပညာပေးချက်တွေကို ပြည်သူလူထုအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် နားလည်သဘောပေါက် လွယ်တဲ့နည်းနဲ့ဖြန့်ဝေဖို့ အိုမီက အစိုးရကို တိုက်တွန်း ထားပါတယ်။

 

ကိုးကား-အင်န်အိတ်ချ်ကေ