ဝါရှင်တန်၊ ၁၂ ဇန်နဝါရီ  

 

သမ္မတ ဒေါ်နယ်ထရမ့်ကို ရုံးတော်မှ ဖယ်ရှားရေးအတွက် အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်ကို တိုက်တွန်းရန် လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို အထက်လွှတ်တော် ဒီမိုကရက်တစ် အဖွဲ့ဝင်များက စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီက ပြောကြားခဲ့သည်။

 

သမ္မတထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများက အမေရိကန် လွှတ်တော်အဆောက်အအုံထဲသို့ ချိုးဖောက်ဝင်ရောက်ခဲ့ပြီး ရက်အနည်းငယ်အကြာ ဇန်နဝါရီ ၁၀ ရက်တွင် အခြားဒီမိုကရက်တစ် အမတ်များသို့ ရေးသားခဲ့သည့် ပေးစာတစ်စောင်တွင် သမ္မတထရမ့်ကို စွဲချက်တင်မည့် အစီအစဉ်ကို နန်စီပယ်လိုစီက ထုတ်ဖော်ပြောကြားခဲ့သည်။

 

အဆိုပါပေးစာတွင် သမ္မတထရမ့်အနေဖြင့် ၎င်း၏ ရာထူးတာဝန်များကို ထမ်းဆောင်ရန် မစွမ်းဆောင်နိုင်တော့ကြောင်း ကြေညာရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် အမှတ် ၂၅ ကို အသုံးပြုရေး ဒုတိယ သမ္မတမိုက်ပန့်စ်ကို တောင်းဆိုမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိုက်ပန့်စ်က ယာယီသမ္မတအဖြစ် တာဝန်ယူဆောင်ရွက်ရန် ဖော်ပြထားကြောင်း သိရသည်။

 

ယင်းတောင်းဆိုချက်ကို ၂၄ နာရီအတွင်း အကြောင်းပြန်ရန် ဒုတိယသမ္မတ မိုက်ပန့်စ်သို့ တောင်းဆိုထားကြောင်း ဒီမိုကရက်တစ်ပါတီ ထိပ်တန်းလွှတ်တော်အမတ် နန်စီပယ်လိုစီက ပြောကြားခဲ့သည်။ ထို့ပြင် လွှတ်တော်၌ သမ္မတထရမ့်ကို ဥပဒေအရ စွဲချက်တင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်အပေါ် လက်ရှိသမ္မတ၏ စော်ကားနှောင့်ယှက်မှုမှာ ပြင်းထန်လာသည့်အတွက် အမြန်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း နန်စီပယ်လိုစီက ပြောသည်။ သို့ရာတွင် ထရမ့်ကို ဖယ်ရှားရန် ဒုတိယသမ္မတ မိုက်ပန့်စ်အား တောင်းဆိုလာမှုများကို မိုက်ပန့်စ်က တုံ့ပြန်လိုဟန်မရှိကြောင်း မီဒီယာများက ဖော်ပြသည်။

 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန် လွှတ်တော်အဆောက်အအုံထဲသို့ သမ္မတထရမ့်ကို ထောက်ခံသည့် ဆန္ဒပြသူများ ချိုးဖောက်ဝင်ရောက် စီးနင်းခဲ့မှုအတွင်း လူငါးဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အေအက်ဖ်ပီ