ဝက်ခြံတွေ၊ ဝက်ခြံအမာရွတ်တွေကြောင့် စိတ်ညစ်နေတယ်။ သက်သာအောင်လုပ်ဖို့ကလည်း သဘာဝပစ္စည်းလေးတွေကိုပဲ စိတ်ချတယ်ဆိုသူလေးတွေရှိလား……

 

ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမယ့် သဘာဝပစ္စည်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ အသုပ်တွေ။ မုန့်ဟင်းခါးတွေထဲထည့်စားလေ့ရှိတဲ့ ပူဒီနံပါ။

 

ပူဒီနံရဲ့ အသားအရေအကျိုးပြုပုံ

 

ပူရှိန်းရှိန်း၊ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ ပူဒီနံရွက်လေးက

 

•           ချွေးပေါက်တွေကို ပွင့်စေတယ်။

•           ဘက်တီးရီးယားတွေကိုဖယ်ရှားပေးတယ်။

•           ဝက်ခြံတွေကို ခြောက်ပြီး အနာကျက်မြန်စေတယ်။

•           ညစ်ညမ်းမှုတွေကြောင့်အသားအရေထိခိုက်မှုတွေကနေ ကာကွယ်ပေးတယ်။

•           အရေပြားကို အာဟာရစုပ်ယူမှုကောင်းအောင်လုပ်ပေးတယ်။

 

ဝက်ခြံနဲ့ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပူဒီနံကို ဒီလိုသုံးပါ။

 

ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ဆိုရင် ပူဒီနံရွက်လေးကိုအခုလိုတွေ အသုံးပြုလို့ရပါတယ်။

 

ပူဒီနံနဲ့ ပျားရည်

 

ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

 

တစ်ပတ်ကို တစ်ကြိမ်ပုံမှန်လုပ်ပေးပါ။

 

ပူဒီနံနဲ့ ရေ

 

ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရေသန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အနှစ်ကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

 

နေ့စဉ် လုပ်ပေးလို့ရပါတယ်။

 

ပူဒီနံနဲ့ Rose Water

 

ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် rose water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

 

တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။

 

ပူဒီနံ၊ သံပရာရည်၊ သံလွင်ဆီ

 

ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် သံလွင်ဆီလက်ဖက်ရည်ဇွန်း ဇွန်းတစ်ဝက်စာ၊ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

 

တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။

 

ပူဒီနံ၊ ပင်စိမ်း၊ ရှားစောင်းလက်ပပ်

 

ရေစင်အောင်ဆေးထားတဲ့ ပူဒီနံ ၁၀ ရွက်ကနေ ၁၅ ရွက်၊ ပင်စိမ်း ၁၀ ရွက် ကနေ ၁၂ ရွက်ကို ကြိတ်ခြေပါ။ ပြီးရင် ရှားစောင်းလက်ပပ် အနှစ်လက်ဖက်ရည်ဇွန်း ဇွန်းတစ်ဇွန်းစာနဲ့ ရောပြီး မွှေပါ။ ရလာတဲ့အရောကို သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ပါ။

 

တစ်ပတ်တစ်ကြမ် လုပ်ပေးရုံပါ။

 

ဒီလိုလေးတွေလုပ်ပေးတာက အသားအရေပေါ်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေမှာပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

 ရေးသားသူ Aye Thi Mon