ဆော ၁၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ သီရိဥတ္တရာ ရာမကျောင်းဝင်းအတွင်းရှိ မြို့၏ ကျက်သရေဆောင် ပြည်လုံးချမ်းသာရှေးဟောင်း မြို့နာမ်ဘုရားကို သီရိဥတ္တရာ ရာမကျောင်းဆရာတော် ဘဒ္ဒန္တဦးဉာဏိန္ဒက ကျပ်သိန်း(၂၀၀)မတည်လျက် မြို့နာမ်စေတီတော်နှင့် အရံစေတီတော်(၉)ဆူတို့အား အသစ်တဖန်မွမ်းမံ ပြင်ဆင်ခြင်းကို ဇန်နဝါရီ (၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ မြို့နာမ်ဘုရားကို မြန်မာသက္ကရာဇ် ၄၇၇ခုနှစ်မှာ စတင် တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး၊ ၁၃၁၅ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်။ ၁၃၅၉ ခုနှစ်၌ ပြုပြင်ခဲ့သည်။ ၁၃၆၀ ပြည့်နှစ် တပေါင်း လဆန်း ၁၁ ရက်နေ့တွင် ထီးတော်တင်လှူနိုင်ခဲ့ကြောင်း၊ ယခုပြုပြင်မွမ်းမံမှုအား ရှေးမူလက်ယာမပျက် ပြုပြင်မွန်းမံခြင်းဖြစ်ပြီး အမြို့မြို့အနယ်နယ်မှ စေတနာရှင် အလှူရှင်များကလည်း လှူဒါန်းလျက် ရှိကြောင်းသိရသည်။
စေတနာရှင်၊ အလှူရှင်များအနေဖြင့် ပြည်လုံးချမ်းသာမြို့နာမ်ဘုရား ပြုပြင်ရာတွင် ပါဝင်လှူဒါန်းလိုသူ များအနေဖြင့် ဖုန်း-၀၉၄၀၀၃၀၀၁၀၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သင်သင်းအောင်(ပြန်/ဆက်)


