သာစည်၊ ၁၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း ၁၅ ခု အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း ၁၅ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းမူဘောင်များနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေး အတွက် စီမံကိန်းလုပ်ငန်းများ အတည်ပြုရွေးချယ်ခြင်းနှင့် စီမံကိန်းလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးခြင်းကို ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးက မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် VDP စီမံကိန်းလုပ်ငန်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ စီမံခန့်ခွဲမှုနည်းစနစ်များကို ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသည့် ကျေးရွာစီမံကိန်းကော်မတီဝင်များက မိမိတို့ကျေးရွာအလိုက် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြကြရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးသည်။
သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် VDP စီမံကိန်းကို ကျေးရွာပေါင်း ၁၅ ရွာတွင် ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၀၀ ထောက်ပံ့၍ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၄ ခုနှင့် ကျေးလက်ရေရှိရေးလုပ်ငန်း တစ်ခု စုစုပေါင်း စီမံကိန်း လုပ်ငန်း ၁၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းများကို ကျေးရွာစီမံကိန်း လုပ်ငန်း ကြီးကြပ်မှုကော်မတီက တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။
လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် လိုအပ်သည့်နည်းပညာများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုး ၏ ပြောပြချက်အရ သိရသည်။
လှိုင်ဝင်းလေး


