ထီးလင်း၊ ၁၂ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၊ အမှတ်(၁)ရပ်ကွက်(ရပ်မကွင်း)တွင် ဆည်ရေသောက်ဖြင့် နွေစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် တောင်သူများက ထယ်ထိုး/ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း လုပ်ငန်းများကို စက်ယန္တရားဖြင့် စတင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် “ယခုလို စက်နဲ့ပြုလုပ်တာကို မြေ, အခြောက်လှန်တယ်လို့ ခေါ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းဖြင့် လယ်ထွန်တဲ့အချိန်မှာ လယ်ထွန်ရတာ လွယ်ကူသက်သာသလို သမန်းနှိုးရတာလဲ လွယ်ကူ ပြီးတော့ ပေါင်း/မြက်တွေကို သက်သာစေပါတယ်။ စပါး အပင်,ပေါက်ရောက်မှု မြန်ဆန်စေပြီးတော့ ရင့်မှည့်တဲ့ အချိန် မြန်ဆန်စေပါတယ်။ စပါးအထွက်နှုန်းကို တိုးစေတာပေါ့”ဟူ၍ ထီးလင်းမြို့ အမှတ်(၁) ရပ်ကွက်နေ တောင်သူတစ်ဦးက ပြောပြသည်။
အဆိုပါ ရပ်မကွင်းတွင် ထီးလင်းမြို့ အမှတ်(၁/၂)နှင့် သရခါကျေးရွာမှ တောင်သူများက နှစ်စဉ် နွေစပါး စိုက်ဧက ၃၀ဝ ကျော် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အောင်စည်(ပြန်/ဆက်)


