မလှိုင်၊ ၁၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက မလှိုင်မြို့နယ် မီးသတ်စခန်း၌ ဆောင်ရွက်ခဲ့ကြသည်။
ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဆက်တိုက်လေ့ကျင့်ခြင်းကို မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇေယျာအောင်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ယခုကာလ၌ ဘူမိဗေဒပညာရှင်များ၏ ရေးသားဖော်ပြချက်များ၌ အင်အားရစ်ချ်တာ စကေး ၆ နှင့်အထက် လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီး ၅ ခုနှင့် ရစ်ချ်တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်နိုင်သည့် မြေငလျင်ကြော ၄၀ ခန့်ရှိနေခြင်းကြောင့် မြေငလျင်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း တွေ့ရှိရသဖြင့် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး နိုင်ရန် အသိပညာပေးလုပ်ငန်များဆောင်ရွက်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဘိုဘို(မလှိုင်)


