မိတ္ထီလာ ၊  ၁၂   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀ပြည့်နှစ်တွင် မီးလောင်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၇၈ သိန်းကျော် ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ   သိရသည်။

 

မီးသတ်ဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်း၌ မီးလောင်းမှု လျော့နည်းစေရန် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ရပ်ကွက်ကျေးရွာများတွင် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း သွားရောက်ပြီး မီးချိတ်၊ မီးကတ်၊ ရေ၊ သဲ ၊ လှေကား၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာ ဆောင်ရွက်ထားရှိမှု ရှိ မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မီးသတိပေး ကြေညာချက်များကို  ရပ်ကွက်များ အတွင်း၌ အသံချဲ့စက်ဖြင့်  နေ့စဉ် လိုက်လံ ကြေညာလျက်ရှိသည်။ ထို့အပြင် ဈေးမီးဘေးကာကွယ်ရေး အတွက် ဈေးအတွင်း၌ မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင်    ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးကိုလည်း လိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုလျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော ကြောင့်  မိတ္ထီလာမြို့နယ်တွင်  ၂၀၁၉ ခုနှစ်က မီးလောင်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ပြည့်နှစ်၌ မီးလောင်မှု ၁၈ကြိမ်သာ ဖြစ်ပွားခဲ့သည်။

 

အဆိုပါမီးလောင်မှုများတွင် ပေါ့ဆမီးကြောင့် (၁၄)ကြိမ်၊ မီးဖိုမီးကြောင့်(၁)ကြိမ်၊ လျှပ်စစ်မီးကြောင့် (၂ )ကြိမ်နှင့် ရှို့မီးကြောင့်(၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၇၈၆၇၅၀ဝ)ရှိပြီး  ယခင်နှစ်ကထက် မီးလောင်မှုလျော့နည်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)