နေပြည်တော်၊ ၁၂ ဇန်နဝါရီ
(၁၇)ကြိမ်မြောက် မြန်မာ−တရုတ်နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC) ၌ အိမ်ရှင်နိုင်ငံအဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC) မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr.Liang Yun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင် (NNCC) မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) ညွှန်ကြားရေးမှူးချုပ် Mr.Liang Yun က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က (၁၇)ကြိမ်မြောက် မြန်မာ−တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပခဲ့ရပါကြောင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တစ်နိုင်ငံတည်းဖြင့် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်၍ မရဘဲ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများဖြင့် အပြန်အလှန် ကူညီထောက်ပံ့မှုများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိတ်ပြောင်းဆေးဝါးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာဓာတုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုတွင် လွန်စွာမြင့်မားလာသဖြင့် ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်မှုလုပ်ငန်းတွင် အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စတစ်ခုဖြစ်လာကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပရီကာဆာထုတ်လုပ်သည့် နည်းပညာများနှင့် စက်ရုံ၊ အလုပ်ရုံများ မရှိသော်လည်း နိုင်ငံ၏ရှည်လျားလှသည့် နယ်နိမိတ်တွင် ဝင်/ထွက်ပေါက်များကို အပြည့်အဝ ထိန်းချုပ်ရန်ခက်ခဲခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သူများအနေဖြင့် နယ်စပ်ဒေသတွင်ရှိနေသည့် အချို့သောအဖွဲ့အစည်းများကို အသုံးချအခွင့်ကောင်းယူ၍ ပရီကာဆာဓာတု ပစ္စည်းများအား နယ်စပ်ဒေသမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေမှုကလည်း မိမိတို့အတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြာင်း၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို မိမိတို့၏ အင်အားနှင့် စွမ်းရည်ရှိသမျှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသော်လည်း မူးယစ်ဆေးဝါးစျေးကွက်သည် နိုင်ငံတကာတွင် ဝယ်လိုအားမြင့်တက်လျက်ရှိသည့်အတွက် ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများ နည်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လာမှုကလည်း အဓိက ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု အခြေအနေနှင့် လမ်းကြောင်းအခြေအနေတို့အား သုံးသပ်ပြီး လိုအပ်သည့်နယ်မြေများတွင် တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော နယ်စပ်ဒေသများတွင် မိမိတို့အနေဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်နိုင်မှု အားနည်းနေသေးသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တရားမဝင် ဝင်/ထွက် ပေါက်များရှိရာဒေသများတွင် တားဆီးနှိမ်နင်းရေး လုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် မြန်မာ−တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ခြင်း၊ တရားခံပြေးများ ဖမ်းဆီးရမိရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ၊ ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်ရမည့် အခြေအနေများ၊ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး (၁၈)ကြိမ်မြောက် အစည်းအဝေးအတွက် ကျင်းပမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


