ဖာပွန်၊ ၁၂ ဇန်နဝါရီ
ကရင်သက္ကရာဇ် ၂၇၆၀ ခုနှစ် ပြာသိုလဆန်း(၁) ရက်နေ့တွင် ကျရောက်သည့် ကရင်းတိုင်းရင်းသားတို့၏ (၈၃)နှစ်ပြည့် ကရင်နှစ်သစ်ကူးပွဲတော်ကို ကရင်လူမျိုးတို့၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးနှင့် ဘာသာစကား စသည်တို့အား မေ့ပျောက်သွားခြင်းမရှိစေရန် ရည်ရွယ်၍ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား အား အကျဉ်းချုံးကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းရှေ့ ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်ပြီး ကရင်ရိုးရာကောက်သစ်စားပွဲအား အမှတ်(၃) ရပ်ကွက်ရှိ ဦးမောင်ရွှေလယ်၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ကရင်နှစ်သစ်ကူးပွဲတော်အား စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းချုံးသာ ကျင်းပမည်ဖြစ်ကြောင်း ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးစောဘူးသောထံမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ စောအောင်မျိုးလွင်(ပြန်/ဆက်)


