ဖလမ်း၊ ၁၂ ဇန်နဝါရီ
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်(၆)လုံး ဇန်နဝါရီ ၁၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က မီးလောင်ပျက်စီးသွားပြီး အမျိုးသမီး(၂)ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်ပျက်စီးမှု အခြေအနေကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ဌာဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
မီးဘေးသင့် အိမ်ထောင်စုများ ထောက်ပံ့ငွေပေးအပ်ခြင်းကို နံနက် ၁၀ နာရီခွဲက ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဉက္ကဋ္ဌ လူမှုရေးဝန်ကြီးက မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းအကြောင်းအရင်းများကို ရှင်းလင်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က မီးဘေးသင့် အိမ်ထောင်စု(၁၄)စုကို ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုး များ ပေးအပ်ရာ မီးဘေးသင့်အိမ်ထောင်စုများက လက်ခံယူရခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


