၁၂ ဇန်နဝါရီ
အင်ဒိုနီးရှား အာဏာပိုင်များက တရုတ် Sinovac Biotech ဆေးဝါး ကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့သည်။
မူးယစ်ဆေးဝါးနှင့် အစားအသောက် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအေဂျင်စီက ထိုကာကွယ်ဆေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ပြည်တွင်း စမ်းသပ်စစ်ဆေးမှုများတွင် ထိရောက်မှုနှုန်း ၆၅ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
ဘရာဇီးနှင့် တူရကီနိုင်ငံတို့တွင် အလားတူ စမ်းသပ်ချက်များမှ အချက်အလက်များနှင့် အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်နေသော လက်တွေ့စမ်းသပ်မှုများမှ အချက်အလက်များကို ၎င်းတို့အဖွဲ့မှ စစ်ဆေးခဲ့သည်ဟု အေဂျင်စီ တာဝန်ရှိသူများက ဆိုသည်။
ယခု သီတင်းပတ် နှောင်းပိုင်းက စတင်ကာ ထိုကာကွယ်ဆေးထိုးနှံမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများကို ဦးစားပေး ထိုးနှံသွားမည် ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။
၎င်းတို့အနေဖြင့် ကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်သည့် အခြားပြဿနာများ၊ ဘေးထွက်ဆိုးကျိုးများကို အနီးကပ် စောင့်ကြည့်သွားမည်ဟု ဆိုသည်။
သမ္မတ ဂျိုကိုဝီဒိုဒိုသည် ကာကွယ်ဆေးကို ပထမဦးဆုံး ထိုးနှံပြီး ၎င်း၏ဘေးကင်းလုံခြုံမှုကို လက်တွေ့ပြသမည်ဟု မျှော်လင့်ရသည်။
Sinovac ကာကွယ်ဆေးသည် တရုတ်နိုင်ငံတွင် တရားဝင်ခွင့်ပြုချက် မရရှိသေးသော်လည်း ပြီးခဲ့သည့်လက အင်ဒိုနီးရှား နိုင်ငံသို့ ကာကွယ်ဆေး သုံးသန်း ရောက်ရှိခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို