ညောင်ဦး၊   ၁၂  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် ပြန်လည်ဖွင့်လှစ်ချိန် ပြည်တွင်း၊ ပြည်ပဘုရားဖူးများ ထီးလိုမင်းလိုဘုရားကြီးသို့ ဝင်ရောက်ဖူးမြော်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦး ထံမှ သိရသည်။

 

ထီးလိုမင်းလိုဘုရားကြီးအား လာရောက်ဖူးမြော်ကြမည့်  ဘုရားဖူးများမှာ ဘုရားကြီးအရှေ့ဘက်မုခ်မှ ဝင်ရောက်ရမည်ဖြစ်ပြီး အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်ထားရှိကြောင်း၊  ဘုရားဖူး လာရောက်သူများ၏ လိပ်စာအပြည့်အစုံကို ရေးသွင်းမှတ်တမ်းတင်ထားမည်ဖြစ်ကာ ဘုရားကြီးအား လက်ယာရစ် လှည့်လည်ဖူးမြော်စေမည်ဖြစ်ပြီး ဘုရားကြီး မြောက်ဘက်မုခ်မှ ပြန်လည်ထွက်ခွာစေမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်လှဦးက ရှင်းပြသည်။

 

ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အထင်ကရဘုရားကြီး ၁၉ ဆူတွင် ဂေါပကအဖွဲ့များထားရှိပြီး လူအများ ဝင်ရောက်နိုင်သည့် ဘုရားများကို ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာလအလွန် ပြန်လည်ဖွင့်လှစ်ခွင့်ပြုချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထီးလိုမင်းလိုဘုရားကြီးသို့ လာရောက်ဖူးမြော်ကြသူများအနေဖြင့် ထီးလိုမင်းလိုဘုရားကြီးနှင့် တစ်ဆက် တစ်စပ်တည်းရှိသည့် တောင်ဘက်တွင် အလိုတော်ပြည့်ဘုရား၊ အနောက်ဘက်တွင် ခေမင်္ဂဘုရားဝင်း၊ အရှေ့ဘက်တွင် ရွှေလိပ်တူးဘုရား၊ အရှေ့မြောက်ဘက်တွင် သိကြားပုန်း၊ သိကြားဟစ်ဘုရားများကို ဆက်လက်လေ့လာဖူးမြော်နိုင်ကြောင်း၊ ကိုဗစ်ကာလအလွန် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ပြန်လည် ဖွင့်လှစ်ချိန် သမိုင်းဝင်အထင်ကရဘုရားများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)