ဒီးမော့ဆို၊ ၁၂ ဇန်နဝါရီ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ခူးပရာကျေးရွာရှိ ခူးပရာတောင်(ရွှေတောင်တန်း)အား ကိုဗစ်အလွန် ကာလတွင် ခရီးစဉ်ဒေသအသစ်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် လေ့လာလျက်ရှိကြောင်း သိရသည်။
“ဒီးမော့ဆိုမြို့နယ် ခူးပရာကျေးရွာမှာရှိတဲ့ ရွှေတောင်တန်းဟာ အမြင့်ပေ ၅၀ဝ၀ ကျော်ရှိတဲ့ တောင်တန်း တစ်ခု ဖြစ်ပါတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် တကယ့်သဘာဝအလှအပတွေနဲ့ ပြည့်စုံတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ခူးပရာကနေ ဆက်သွားမယ်ဆိုရင် ဖရူဆိုမြို့နယ် ထီးဆိုဒူး သဘာဝ ကြိုးဝိုင်းထဲကို ရောက်သွားမယ်။ ထီးဆိုဒူ သဘာဝကြိုးဝိုင်းဆိုရင်လည်း ကျွန်တော်တို့ ကယားပြည်နယ် ရဲ့ ရေအရင်း အမြစ်တွေ မြစ်ဖျားခံရန် စတင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီကနေ ဆက်သွားမယ်ဆိုရင် ကယော လူမျိုးတွေရှိတဲ့ ထေးခိုကျေးရွာနဲ့ ဆင်ဖြူတောင်ကို ရောက်တယ်။ ဒါတွေကို သိတဲ့အတွက် ခရီးသွားဇုန် တစ်ခု တစ်ဆက်တည်း ဖော်ဆောင်နိုင်ဖို့ လာရောက်လေ့လာခြင်းဖြစ်ပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ် က ပြောပြသည်။
ခူးပရာတောင်သည် လွိုင်ကော်မြို့မှ မိုင် ၅၀ ခန့် အကွာတွင် တည်ရှိကာ တောင်တက်လမ်း ခရီး တစ်လျှောက်တွင် စိတ်ဝင်စားဖွယ် တောတောင်သဘာဝ ရှုခင်းများ၊ စိမ်းစိုလှပသော လှေကားထစ် စိုက်ခင်းများ၊ တောင်ထိပ်တွင် သဘာဝဆန်ဆန် ဆောက်လုပ်ထားသော သစ်သားအိမ်နှင့် ဘန်ဂလို လေးများကို တွေ့မြင်ရမည် ဖြစ်သည့်အပြင် သဘာဝတောတောင် အလှရှုခင်းများနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။
ကိုဗစ်အလွန်ကာလတွင် ခရီးစဉ်ဒေသသစ်တစ်ခု ဖြစ်လာနိုင်သည့် ခူးပရာတောင်(ရွှေတောင်တန်း)သည် ခရီးသွားလုပ်ငန်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများ၊ ထိုင်းနိုင်ငံမှ နေရပ်ပြန် ကယန်း တိုင်းရင်းသားများကို ပြန်လည်နေရာချထားကာ CBT Village အဖြစ် ဖော်ဆောင်နိုင်ရန် စီစဉ်ထားပြီး ရွှေတောင်တန်း၊ ထီးဆိုဒူး အမြဲစိမ်းတော၊ ကယောဒေသ ဆင်ဖြူတောင်၊ ကရင်ပြည်နယ် သံတောင်ကြီးအထိ ချိတ်ဆက်သွားလာ နိုင်ရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(RTC)၊ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့(DMO)နှင့် ဝိုင်းဝန်းအကြုံပြု ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


