နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၂၀)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွဲ့ချုပ်များအနေဖြင့် အမှန်တကယ် အောင်မြင်မှု ရှိနိုင်သော၊ ကျစ်လျစ်ထိရောက်သော အားကစားသမားစုဖွဲ့မှုကို ပြုလုပ်ရန်အထူးလိုအပ်ကြောင်း၊ အဖွဲ့ချုပ်များအနေဖြင့် စခန်းသွင်း ခွင့်ပြုချက်မရမီအချိန်တွင် မိမိတို့၏ ကစားသမားများကို Online Training၊ Self Training များ ကြိုတင် ပြုလုပ်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

           

ဆက်လက်၍ တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးကြရာ တက်ရောက်လာကြသော မြားပစ်၊ ဘောလုံး၊ ကရာတေးဒို၊ ပိုက်ကျော်ခြင်း၊ ဝူးရှူး စသည့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက စခန်းသွင်းလေ့ကျင့်မည့် အားကစားသမား အခြေအနေများ၊ လူရွေးချယ်မှုအခြေအနေများ၊ သက်ဆိုင်ရာ ကစားနည်းအလိုက် ကိုယ်ပိုင်လေ့ကျင့်ခန်း ပြုလုပ်မှု အခြေအနေများ၊ စခန်းသွင်းလေ့ကျင့်ရာတွင် ထောက်ပံ့ပေးရမည့်အချက်များ၊ အဖွဲ့ချုပ်များမှ ပံ့ပိုးကူညီဆောင်ရွက်မည့် အခြေအနေများကို တင်ပြကြသည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြိုင်ပွဲအချိန် နီးကပ်နေပြီဖြစ်၍ အနည်းဆုံးလူဦးရေနှင့် ထိရောက်အောင်မြင်မှု ရရှိရန် အလားလာကောင်းသော သူမျိုးကို ရွေးချယ်ရန်လိုအပ်ကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

 

MDN