မော်လိုက်၊ ၁၂ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ဝါးရုံသာကျေးရွာအုပ်စု ရွှေလင်းတကျေးရွာ၌ လယ်ဧက ၉၅ ဧကကို အကျိုးပြုနိုင်မည့် ရေနုတ်မြောင်း တူးဖော်ခြင်းကို ဇန်နဝါရီ ၈ ရက်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရွှေလင်းတကျေးရွာ၌ အလျားပေ ၁၈၀၀၊ အောက်ခြေအကျယ် ၆ ပေ၊ ပျမ်းမျှအနက် ၄ ပေရှိ ရေနုတ်မြောင်း တူးဖော်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သာမန်ရန်ပုံငွေကျပ် သိန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရေနုတ်မြောင်း တူးဖော်လိုက်သည့်အတွက် ရွှေလင်းတကျေးရွာအနီးတစ်ဝိုက်ရှိ နှစ်စဉ်မိုးရေများ တင်ကျန်လျက်ရှ်သော လယ် ၉၅ ဧကမှာ ရေတင် ကျန်မှုမရှိတော့ဘဲ သီးနှံများအား ရာသီချိန်အမီ စိုက်ပျိုးနိုင်မည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည် ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(မြို့ပြ) ဦးဇော်မိုးဆွေ၏ ပြောပြချက်အရ သိရသည်။
“ကျွန်တော်တို့ ဝါးရုံသာကျေးရွာအုပ်စု၊ ရွှေလင်းတကျေးရွာမှာရှိတဲ့ လယ်ဧကတော်တော်များများမှာဆိုရင် မိုးတွင်းပိုင်းက တင်ကျန်နေခဲ့တဲ့ မိုးရေတွေဟာ ယခုအချိန်အထိ မထွက်သေးဘူး။ ဒီလို ရေတွေက မထွက်ဘဲ ရေလှောင်ထားသလိုဖြစ်နေတော့ သီးနှံတွေကို ရာသီချိန်အမီ မစိုက်နိုင်ခဲ့ကြဘူး၊၊ အခု မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အလျားပေ ၁၈၀၀ ရှိတဲ့ ရေနုတ်မြောင်းကြီး တူးဖော်ပြီးစီးသွားရင် နှစ်စဉ် ရေတင်ကျန်လေ့ရှိတဲ့ လယ် ၉၅ ဧကမှာ ရေတင်ကျန်ခြင်းမရှိတော့ဘဲ သီးနှံတွေကို ရာသီချိန်မီ စိုက်ပျိုးနိုင်တော့မှာဖြစ်တဲ့အတွက် ရွှေလင်းတ ကျေးရွာမှာရှိတဲ့ ကျေးရွာပြည်သူတွေအတွက် များစွာအကျိုးပြုနိုင်တော့ မှာဖြစ်ပါတယ်” ဟု ဝါးရုံသာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းသိန်းအောင်က ပြောပြသည်။
ကိုပွား(မော်လိဒ်)


