ရန်ကုန်၊ ၁၂ ဇန်နဝါရီ
ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲတွင် တရားလို xxxxx သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၉)ရပ်ကွက်၊ သမာဓိလမ်းသွယ်(၂)တွင် လမ်းလျှောက်နေစဉ် အမျိုးမသိအမျိုးသား(၃)ဦး ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး(၁)ကုံးအား ဆွဲယူထွက်ပြေးသွားသဖြင့် ပတ်ဝန်းကျင်ရှိလူများနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ လှည့်ကင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးရာ အမည်မသိသူ (၃)ဦးအနက် ကျော်သက်ပိုင် (ခ) ဓါးနှစ်လက်အား ဖမ်းဆီးရမိသောကြောင့် အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူ ကျော်သက်ပိုင် (ခ) ဓါးနှစ်လက် (၂၈)နှစ်၊ ဇကားဝါလမ်း(ကျူးတဲ)၊ (၈၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေသူအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်ဇော်မိုးနှင့်အဖွဲ့က စစ်ဆေးရာ ရန်နိုင်(ခ)ကိုနိုင်၊ အောင်သူတို့နှင့်အတူ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ရန်နိုင်(ခ)ကိုနိုင်နှင့် အောင်သူတို့(၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ရန်နိုင်(ခ)ကိုနိုင် (၂၇)နှစ်၊ မ/၃၇၆၊ သုခိတာလမ်း၊ (၈၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူကို ဇန်နဝါရီ ၁၁ ရက်တွင် လည်းကောင်း၊ အောင်သူ (၃၃)နှစ်၊ မေတ္တာလမ်း၊ (၈၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူကို ဇန်နဝါရီ ၁၂ ရက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိပြီး ကျန်ရှိရဲလုပ်ငန်းများ ဆောင်ရွက်ကာ ၎င်းတို့(၃)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား