နေပြည်တော်၊ ၁၂ ဇန်နဝါရီ
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်း မာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်၊ Economic and Commercial Counsellor of Chinese Embassy to Myanmar ဖြစ်သူ Mr. Tan Shufu၊ First Secretary, Ms. Zhou Nan၊ First Secretary , Mr. Zhang Long ၊ Mr. Xiao Hongxuan ၊ Ms. Wang Kun ၊ Mr. Huang Taijing နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယနေ့ပေးအပ်လှူဒါန်းသည့် ဆေးပစ္စည်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်တွင် အထူးလေယာဉ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီးနောက် ပထမဆုံးအဖြစ်ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းသည့် ဆေးပစ္စည်းများ၏ တန်ဖိုးမှာ ယွမ်ငွေ (၂၅၀,၀၀၀) တန်ဖိုးရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဆက်လက်ပေးအပ်မည့် ယွမ်ငွေ (၃) သန်းတန်ဖိုးရှိ ပစ္စည်းများအနက် ပထမအသုတ် ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို လေးစားပြီး၊ "တစ်လှေတည်းစီး၊ တစ်ရေတည်းသောက်၊ အေးအတူပူအမျှအသိုက်အဝန်း” အဖြစ်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်တွင်လည်း မြန်မာနိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အကူအညီများ ပေးအပ်ခဲ့သကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ကျန်းမာရေးပညာရှင်အဖွဲ့များ စေလွှတ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာ-တရုတ် လုပ်ငန်းအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးနှင့် အေးအတူပူမျှနေထိုင်ရေးတို့ဖြင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတကလည်း မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးတက်ရေး၊ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် တွန်းအားပေးရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီ ဆောင်ရွက်ရေးတို့ကို အရေးကြီးသတ်မှတ် သဘောထားပါကြောင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက စဉ်ဆက်မပြတ်ကူညီလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်ဆေး (၃) သိန်းကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နီးကပ်စွာဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တည်ဆောက်ရေးလုပ်ငန်းကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီပေးလျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆယ်စုနှစ်ပေါင်းများစွာ ကဏ္ဍများစွာတွင် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူပေါင်းဆောင်ရွက်နေမှုများနှင့် ယခုကဲ့သို့ လှူဒါန်းမှုများနှင့် ကူညီပံ့ပိုးပေးမှုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နိုင်ငံသားများကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းပေးအပ်မှုကြောင့် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကျန်းမာရေး ကဏ္ဍအတွက် နယ်စပ်ဒေသကျန်းမာရေး ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ ရာသီတုပ်ကွေး (H1N1) ကူးစက်မှုဖြစ်စဉ်တွင် ပံ့ပိုးခဲ့မှုများ၊ ရာသီတုပ်ကွေး ရောဂါကာကွယ်ဆေးနှင့် အသည်းရောင် အသားဝါ-ဘီ ရောဂါကာကွယ်ဆေးများ ပေးအပ်မှုများ အပါအဝင် ပံ့ပိုးမှုများစွာပြုလုပ်ခဲ့သောကြောင့် မြန်မာနိုင်ငံ ပြည်သူများ အတွက် အကျိုးများစွာ ရှိခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်စဉ်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ကာ ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွေ့အကြုံများ ဝေမျှခြင်း၊ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုအတွက် သင်တန်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် မြန်မာနိုင်ငံ ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) တို့သည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိ စေမည်ဖြစ်ပါကြောင်း။
အဆိုပါ ဗဟိုဌာနကြီးပြီးစီးပြီးနောက် ပြည်သူ့ကျန်းမာရေးပညာရှင်များနှင့် သုတေသနပညာရှင်များစွာကို လေ့ကျင့်သင်တန်းများပေးအပ်နိုင်ကာ ဗဟိုဌာနတွင် ပါဝင်သည့် ဇီဝလုံခြုံမှု အဆင့်မြင့် ဓာတ်ခွဲခန်းများဖြင့် အဆင့်မြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများလည်း ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အလားတူ အဆင့်မြင့်သုတေသနများကိုလည်း လုပ်ဆောင်သွားနိုင်မည်ဖြစ်သဖြင့် အဆိုပါ ဗဟိုဌာနကြီးသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပြယုဂ်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိသွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆက်လက်ပေးအပ်မည့် ယွမ်ငွေ (၃) သန်းတန်ဖိုးရှိ ပစ္စည်းများကို အသုတ်လိုက် ပေးပို့သွားမည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် လုပ်ငန်းများကို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ စုစုပေါင်း ယွမ်ငွေ (၂၅၀,၀၀၀) တန်ဖိုးရှိ ပါးစပ်နှင့်နှာခေါင်းစည်း (mask) ခုရေ (၁) သိန်း၊ KN95 mask ခုရေ (၃)သောင်းနှင့် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (၂) ထောင်တို့ကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဂုဏ်ပြုလွှာပြန်လည်ပေးအပ်သည်။
သတင်းစဉ်


