ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၄၈ )
ဦးဟန်ညွန့် (ဥပဒေ)
မောင်ပျင်းရိ၏မေးခွန်း
“ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တစ်နှစ်တစ်ခါထုတ်တဲ့ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များစာအုပ်ကို ၂၀၁၉ ခုနှစ်အတွက် ယခုရက်ပိုင်းမှာ ထုတ်ဝေတာကို တွေ့ရပါတယ်။ ဒါကြောင့် နည်းဥပဒေများ အကြောင်း ဗဟုသုတဆွေးနွေးပေးပါခင်ဗျာ” ဟု အလုပ်သင်ရှေ့နေ မောင်ပျင်းရိက မေးမြန်းတင်ပြလာပါသည်။ ထို့ကြောင့် ဤစာကို ရေးပါသည်။
ဥပဒေဆိုသောစကားရပ်
“ ဥပဒေဆိုသောစကားရပ်တွင် ဤဥပဒေအာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးနောက်ဖြစ်စေ၊ ဥပဒေပြုအာဏာပိုင်တစ်ရပ်ရပ်က ပြဋ္ဌာန်း ထားသည့်ဥပဒေ၊ အက်ဥပဒေ၊ တစ်ချက်လွှတ်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း ဥပဒေ၊ အမိန့်အပြင် ဥပဒေကဲ့သို့ အာဏာတည်သော ဓလေ့ထုံးတမ်းများလည်း ပါဝင်သည်”ဟု ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၅(က)(၅)တွင် ဖွင့်ဆိုထားပါသည်။
နည်းဥပဒေဆိုသောစကားရပ်
“ နည်းဥပဒေဆိုသောစကားရပ်တွင် ဥပဒေတစ်ရပ်ရပ်ဖြင့် အပ်နှင်းသည့် လုပ်ပိုင်ခွင့်ကို သုံးစွဲ၍ ပြုလုပ်သော နည်းဥပဒေနှင့် ဥပဒေတစ်ရပ်ရပ်အရ နည်းဥပဒေအဖြစ်ဖြင့်ပြုသော စည်းမျဉ်းဥပဒေပါဝင်သည် ”ဟု ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၅(က) (၆)တွင် ဖွင့်ဆို ထားပါသည်။
နည်းဥပဒေစသည်တို့ ပြုလုပ်ခြင်း၊ အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း
“ဥပဒေတစ်ရပ်ရပ်အရ နည်းဥပဒေကိုဖြစ်စေ၊ စည်းမျဉ်းဥပဒေကိုဖြစ်စေ၊ စည်းကမ်းဥပဒေကိုဖြစ်စေ၊ အမိန့်ကြော်ငြာစာကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ ထုတ်ပြန်နိုင်ခွင့်ရှိလျှင် ယင်းနည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာ သို့မဟုတ် အမိန့်ကို ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲ ခြင်း၊ ဖျက်သိမ်းခြင်းကိုလည်း ပြုနိုင်ခွင့်ရှိသည်” ဟု ၁၉၇၃ ခုနှစ် စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၁၈ တွင် ဖွင့်ဆိုထားပါသည်။
မဆန့်ကျင်သမျှ
“ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ရုပ်သိမ်းပြီးနောက် ယင်းဥပဒေပြဋ္ဌာန်း ချက်ပါ ကိစ္စများနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် အသစ်တစ်ရပ် ပြဋ္ဌာန်း လိုက်သည့်အခါ အဆိုပါရုပ်သိမ်းခြင်းခံရသော ဥပဒေပြဋ္ဌာန်းချက်အရ ပြုလုပ် ခဲ့သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်ကြော်ငြာစာ နှင့်တကွ ရာထူးခန့်ထားမှုအသီးသီးသည် ဥပဒေပြဋ္ဌာန်းချက်အသစ်နှင့် မဆန့်ကျင်သမျှ ဆက်လက်အာဏာတည်စေရမည်” ဟု ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ ပုဒ်မ ၂၀ တွင် ဖွင့်ဆိုထားပါသည်။
၂၀၁၉ ခုနှစ်၊ နည်းဥပဒေများ
၂၀၁၉ ခုနှစ်၊ နည်းဥပဒေများတွင် -
ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆိုင်ရာ နည်းဥပဒေများ၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ၊ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာနည်း ဥပဒေများကိုပြင်ဆင်သည့် နည်း ဥပဒေများ၊ အခကြေးငွေပေးချေရေး နည်းဥပဒေများ၊ မြန်မာနိုင်ငံ လေယာဉ် နည်းဥပဒေများ၊ မြန်မာနိုင်ငံလေယာဉ် မတော်တဆ ထိခိုက်ပျက်စီးမှုနှင့် မတော်တဆ ဖြစ်ပွားမှုစုံစမ်းစစ်ဆေးရေးနည်းဥပဒေများ၊ အထူးကုန်စည်ခွန် နည်းဥပဒေများ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် ခြင်းဆိုင်ရာ နည်းဥပဒေများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ပြင်ဆင်သည့်ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနည်းဥပဒေများ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး နည်းဥပဒေများ၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ၊ မြန်မာ့ပုလဲလုပ်ငန်းနည်းဥပဒေများကို တတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများ၊ မြန်မာ့သတ္တုတွင်း နည်းဥပဒေများကို ပြင်ဆင် သည့် နည်းဥပဒေများ၊ ရေခွန်နှင့် တာတမံခွန်နည်းဥပဒေများ၊ ဆည်မြောင်း နည်းဥပဒေများ၊ အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာနည်းဥပဒေများ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်နည်းဥပဒေများ၊ တရားလွှတ်တော်ရှေ့နေများ ကောင်စီရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ စာချုပ်စာတမ်းများမှတ်ပုံတင်နည်းဥပဒေများ၊ အခွန်အယူ ခံခုံအဖွဲ့ နည်းဥပဒေများ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ များကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများ၊ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင် သည့်နည်းဥပဒေများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနည်းဥပဒေများတို့ ပါဝင်သည်။ စုစုပေါင်း (၂၅)ခု ဖြစ်ပါသည်။
နည်းဥပဒေများ၏သဘာဝ
နည်းဥပဒေများကို ရေးဆွဲသည့်အခါ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် ရပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ထုတ်ပြန်လေ့ရှိပါသည်။
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
နည်းဥပဒေများ၏ အမည်ကို မည်သို့ ခေါ်တွင်ရမည်ဖြစ်ကြောင်း ကနဦး ဖော်ပြလေ့ရှိပါသည်။ ထို့နောက် အဓိပ္ပာယ်ဖော်ပြချက်များကို မည်သို့ အဓိပ္ပာယ်သက်ရောက်ကြောင်းစကား ရပ်တစ်ခုချင်းအလိုက် ဖော်ပြရပါ သည်။ ဥပမာ - ဥပဒေ ဆိုသည်မှာ မည်သည့် ဥပဒေကိုဆို ကြောင်းဖော်ပြ မည့်နည်းဥပဒေတွင် ပါရှိသော လုပ်ငန်းများ၏ အဓိပ္ပာယ်အကြောင်း ဖွင့်ဆိုလေ့ရှိပါသည်။
လုပ်ငန်းကော်မတီ
သက်ဆိုင်ရာ နည်းဥပဒေများတွင် လုပ်ငန်းကော်မတီများဖွဲ့စည်းရန်၊ လိုအပ်ပါကဖွဲ့စည်းခြင်း၊ သက်တမ်းဖော်ပြခြင်း၊ ခန့်ထားခြင်း၊ ရပ်စဲခြင်း များ ဖော်ပြရပါသည်။ အစည်းအဝေးများ ကျင်းပပုံလိုအပ်လျှင် ဖော်ပြ ရပါသည်။ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရပါသည်။ လုပ်ငန်းစိစစ်ခြင်း၊ ထုတ်ပေးခြင်းများရှိပါက ဖော်ပြရပါသည်။ ဆိုလိုသည်မှာ နည်းဥပဒေပြဋ္ဌာန်း ရသည့် အခြေခံအချက်များကို ပေါ်လွင်အောင်ဖော်ပြရခြင်း ဖြစ်ပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
ဥပမာအားဖြင့်-
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော အမိန့် ကြော်ငြာစာအမှတ်၊ ၂၄၁/၂၀၁၈ ကို လေ့လာဖတ်ရှုသင့်ပါသည်။ နိဒါန်းအား ဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ၁၉၄၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း ကွန်ဗင်းရှင်း (ချီကာဂိုကွန်ဗင်းရှင်း) နှင့် ယင်း၏ နောက်ဆက်တွဲများပါ ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ ၁၉၃၄ ခုနှစ် မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို လည်းကောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရန်အလို့ငှာ ၁၉၃၄ ခုနှစ်၊ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေပုဒ်မ ၅-က၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်း ထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်ဟု ဖော်ပြ ထားပါသည်။ မည်သည့်အတွက် အမိန့်ကြော်ငြာစာထုတ်ပြန်ရကြောင်း နိဒါန်းသွယ်ထားခြင်း ဖြစ်ပါသည်။ နည်းဥပဒေများ၏ အမည်ကိုလည်း မြန်မာနိုင်ငံ လေယာဉ်နည်းဥပဒေများဟု ခေါ်တွင်စေရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အခြား အခြားသော နည်းဥပဒေများ ထုတ်ပြန်ပုံကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ထုတ်ဝေသည့် ၂၀၁၉ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များစာအုပ်တွင် နမူနာယူ လေ့လာသင့်ပါသည်။ ရှာဖွေရသည်များ လွယ်ကူနိုင်ပါသည်။
ဥပဒေရှိလျှင်နည်းဥပဒေရှိသင့်
ဥပဒေပြဋ္ဌာန်းချက်ရှိလျှင် နည်းဥပဒေများရှိသင့်ကြောင်း ဥပဒေပညာရှင် များက အကြံပြုလေ့ရှိပါသည်။ သို့မှသာ ဥပဒေ၏စွမ်းအင် အသက်ဝင်သည်ဟု ဆိုမိန့်တတ်ကြပါသည်။
စေတနာ
နည်းဥပဒေများအကြောင်း အလုပ်သင်ရှေ့နေ မောင်ပျင်းရိက မေးမြန်း လာသောကြောင့် ဆက်စပ်စဉ်းစားတွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ...။ ။
မြန်မာ့အလင်း


