သုံးခွ၊ ၁၃   ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်၌ စိုက်ပျိုးထားသော တောင်သူများ၏ ပဲတီစိမ်း စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

သုံးခွမြို့နယ်တွင် မိုးစပါးနှင့် သီးထပ်အဖြစ် ဆောင်းသီးနှံ ပဲတီစိမ်း(ရွှေဝါနှင့်ရေဆင်းမျိုး) တို့ကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်၊၊ ပဲတီစိမ်းမှာ စိုက်ပျိုးပြီးနှစ်လခွဲအကြာတွင် ဆွတ်ခူးရရှိကြောင်း၊ ပဲတီစိမ်းကို နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်ထွန်ယက်စိုက်ပျိုးကြပြီး တောင်သူတစ်ဦးနှင့်တစ်ဦး စိုက်ပျိုးသည့်အချိန် ကွာခြားမှုကြောင့် ပဲထွက်ချိန် ကွာခြားမှုရှိနိုငကြောင်း၊ ဖေဖော်ဝါရီလလယ်တွင် လှိုင်လှိုင်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

 

ပဲတီစိမ်းမှာ တစ်နေရာနှင့်တစ်နေရာ အထွက်နှုန်းကွာခြားမှုရှိနိုင်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ် စိုက်ပျိုးမှု၊ စိုက်ပျိုးသည့် မြေအမျိုးအစား ကောင်းမွန်မှု၊ ရာသီဥတုအခြေအနေ၊ ပြုစုပျိုးထောင်ပုံ နည်းစနစ် ကောင်းမွန်မှု၊ ပိုးမွှားအန္တရာယ်ကင်းစင်မှုတို့အပေါ်တွင် မူတည်ပြီး တစ်ဧကလျှင် တင်း ၂၀ ကျော်ထွက်ရှိနိုင်ကြောင်းသိရသည်။

 

လက်ပန်စံပြကျေးရွာမှ ပဲတီစိမ်းစိုက်တောင်သူ ဦးမင်းကိုကိုဦးက “ကျွန်တော် ဒီနှစ် ပဲတီစိမ်း ရေဆင်း ဧက ၂၀ စိုက်ပျိုးထားတယ်။ ခုအပင်တွေမှာ အပွင့်တွေ ဝေဆာပြီး  ဖြစ်ထွန်းအောင်မြင်နေပါတယ်၊၊ ဒါပေမယ့် ပဲဆွတ်ခူးတဲ့အချိန် မိုးမရွာဖို့နဲ့ ပဲစျေးကောင်းဖို့ ဆုတောင်းနေရတယ်” ဟု ပြောသည်။

 

ကိုကျော်(သုံးခွ)

 

mdn