ဝိုင်းမော်၊   ၁၃   ဇန်နဝါရီ

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာ ဦးစီးသည့် သစ်တောဝန်ထမ်းများက ဝါရှောင်ကြိုးဝိုင်းအတွင်း ဖြတ်သန်းဖောက်လုပ်ထားသည့် ဝိုင်းမော်-ဆဒုံး လမ်းအပိုင်းအတွင်း စွန့်ပစ်ထားသည့် အမှိုက်များအား မြေပြင်ကွင်းဆင်း ကောက်ယူ သိမ်းဆည်းခြင်းကို ဇန်နဝါရီ ၁၂ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ကျွန်တော်တို့ လိုက်ပြီးကောက်တဲ့အမှိုက်တွေက တစ်သျှူးငှက်ပျောကားတွေ၊ မတော်တဆ တိမ်းမှောက်ပြီး စွန့်ပစ်ခဲ့တဲ့ ပလတ်စတစ်တွေ၊ စက္ကူဂျပ်ဖာတွေ၊ ငှက်ပျောသီးတွေ စတဲ့ စွန့်ပစ် အမှိုက်တွေကို ကောက်ယူသိမ်းဆည်းတာဖြစ်ပါတယ်။ ဒီလမ်းအပိုင်းကလည်း ဝါရှောင်ကြိုးဝိုင်းအတွင်းမှာ ပါဝင်ပြီး နှစ်နိုင်ငံ နယ်စပ် ဆက်သွယ်တဲ့လမ်းဖြစ်တာကြောင့် သန့်ရှင်းသာယာလှပရေး အတွက် အခုလို ကွင်းဆင်းဆောင်ရွက်တာပါ။ လမ်းတစ်လျှောက် စွန့်ပစ်အမှိုက်တွေရှိနေတာမဟုတ်ဘဲ ယာဉ် မတော်တဆမှု ဖြစ်ပွားတဲ့နေရာတွေမှာသာ ပြန့်ကြဲနေတာကို လိုက်လံသိမ်းဆည်းရတာပါ။ လာမယ့် အပတ်မှာလည်း ကွင်းဆင်းဆောင်ရွက်ဖို့ ရှိပါသေးတယ်။ ဒီနေ့ဆောင်ရွက်တာကတော့ လမ်းအရှည် (၁၁)မိုင်ကျော် ပြီးစီးခဲ့တာဖြစ်ပါတယ် ဟု ဝိုင်းမော်မြို့နယ်သစ်တောဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာက ပြောပြသည်။

 

ဝိုင်းမော်မြို့နယ် ဝါရှောင်ကြိုးဝိုင်းအတွင်း ဝိုင်းမော်-ဆဒုံး လမ်းအပိုင်း စုပေါင်းအမှိုက်ကောက်ခြင်းကို ဒုတိယပတ်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပရဟိတလုပ်ငန်းစိတ်ဝင်စားသည့် လူငယ်မောင်မယ်များ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဆွတ်ရိန်ဆိုင်းလာထံမှ သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)

 

mdn