မင်းလှ၊    ၁၃  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စိန်ပုရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ (၈၃)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဇန်နဝါရီ ၁၃ ရက်က ကျင်းပသည်။

 

အခမ်းအနားကို နံနက် ၆ နာရီတွင် ကရင်အမျိုးသားသီချင်းသီဆိုကာ ကရင်အမျိုးသားအလံတင်ခြင်း ပြုလုပ်သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုပြီး သဘာပတိက အဖွင့်အမှာစကားပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပွယ်စေးထံမှ ပေးပို့သော (၈၃)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူး သဝဏ်လွှာကို ကရင်တိုင်းသူ နော်စန္ဒာညွန့်က ဖတ်ကြားသည်။

 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်ထွန်းက နှစ်သစ်ကူးပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ အမှာစကားများပြောကြားပြီး ကရင်စာပေနှင့် ယဉ်ကျေးမူ ကော်မတီအတွင်းရေးမှူး စောရွှေသိန်းက ကျေးဇူးတင်စကားပြောကြားသည်။

 

ကိုဗစ်ကာလအတွင်း လူစုလူဝေးမဖြစ်စေရေးအတွက် မင်းလှမြို့နယ်တွင် ကရင်တိုင်းရင်းသား အများဆုံးရှိသည့် စိန်ပုရွာသစ်၊ ကညင်ကောက်၊ ဥတိုစာဖြူစု၊ ကိုင်းပြင်ကြီးစာဖြူစု၊ ဟိုင်းရူး၊ ကျွဲမကိုင်း တို့တွင် နေရာ ခြောက်ခုခွဲ၍ (၈၃)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း  သိရသည်။

 

ပေါက်စ(မင်းလှ)