သထုံ၊ ၁၃ ဇန်နဝါရီ
ကရင်သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ၈၃ နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို မြို့နယ်အဆင့်အနေဖြင့် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ သာသနာ့ဝုဒ္ဓိကျောင်းတိုက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အကျဉ်းချုံး၍ ကျင်းပခဲ့သည်။
နံနက် အရုဏ်တက်အချိန်တွင် တက်ရောက်လာကြသည့်တိုင်းရင်းသားများက သတ်မှတ်အကွာအဝေးအတိုင်း ကရင်အမျိုးသားအလံတော်ကို လွှင့်ထူအလေးပြုကြသည်။
ယင်းနောက် သံဃာတော်များထံမှ နှစ်သစ်ကူး တရားနာယူကာ ဆွမ်းနှင့်လှူဖွယ်များအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ယခင်နှစ်များက နှစ်သစ်ကူးပွဲတော်တွင် သက်ကြီးပူဇော်ပွဲ၊ ဒုံးယိမ်းပြိုင်ပွဲများ၊ တိုင်းရင်းသူအလှမယ် ရွေးချယ်ခြင်း၊ ရိုးရာလက်ဝှေ့ပွဲ၊ ဇတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေပွဲများ၊ ပြခန်းများနှင့် စတုဒီသာ ကျွေးမွေးခြင်း စသည်တို့ဖြင့် စည်ကားစွာ ကျင်းပခဲ့သော်လည်း ယခုအခါ ကိုဗစ်ကာလ ထုတ်ပြန်ထားသည့်စည်းကမ်းများကို လိုက်နာသောအားဖြင့် အကျဉ်းချုံ့ကျင်းပရကြောင်း မြို့နယ်အဆင့်အနေဖြင့် ကျင်းပသကဲ့သို့ ကျေးရွာအသီးသီး၌လည်း အကျဉ်းချုံး၍သာ ပြုလုပ်ကြကြောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး ဦးစောအောင်သိန်းက ပြောသည်။
သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိပြီး ယခင်ကမြိုနယ်အဆင့် ရိုးရာနှစ်သစ်ကူး ပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသား အများစု နေထိုင်သည့် ကျေးရွာ ၃၇ ရွာတို့တွင် အလှည့်ကျ နှစ်စဉ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)


