ကျောက်ကြီး၊   ၁၃  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ အုတ်ဖုတ်လုပ်ငန်းဖြင့် ဒေသခံ နေ့စား အလုပ် လုပ်ကိုင်နေသူများ စီပွားရေးအဆင်ပြေလျက်ရှိကြောင်း အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦး၏ ပြောပြချက်အရ  သိရသည်။

 

ကျောက်ကြီးမြို့နယ်၌ အုတ်ဖုတ်လုပ်ငန်းအား ဒီဇင်ဘာလကုန်ပိုင်းလောက်မှစတင်၍ လုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး အုတ်ဖုတ်ရာတွင် အဓိကအသုံးပြုသည့် မြေအမျိုးအစားမှာ မြေဝါနု အနည်းငယ် စေးသည့် မြေစေးအမျိုးအစားကို အသုံးပြုပြီး အဆိုပါ မြေစေးအား နယ်နှပ်ခြင်း၊ အုတ်ရိုက်စက် အသုံးပြု၍ အုတ်အကြမ်းပြုလုပ်ခြင်း၊ နေလှမ်းခြင်း၊ မီးဖုတ်ခြင်းနှင့် မီးဖုတ်ပြီးသားအုတ်ကို အအေးခံပြီး ရောင်းတန်းဝင်အုတ်ကို ရွေးထုတ်ပြီးမှ အုတ်ဖုတ်လုပ်ငန်းအဆုံးသတ်ကြောင်း အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

 

အုတ်တစ်ဖိုစီရာတွင် အနည်းဆုံး ကျပ် ငါးထောင်၊ တစ်သောင်းရှိပြီး သင့်တော်မည် ထင်း၊ ဖွဲများကို အသုံးပြု၍ မီးဖုတ်ရကြောင်း၊ အုတ်လုပ်ငန်း အကြီးအသေးပေါ်မူတည်၍ လုပ်သား အင်အား အသုံးပြု လုပ်ကိုင်ရကြောင်း၊ လုပ်သားတစ်ဦးလျှင် တစ်နေ့ အလုပ်ချိန် ရှစ်နာရီ အလုပ် လုပ်ကြ ရကာ အမျိုးသား လုပ်သားအနေဖြင့် လုပ်ခ တစ်နေ့ ကျပ် ခြောက်ထောင်နှုန်း၊ အမျိုးသမီး လုပ်သား အနေဖြင့် တစ်နေ့ လုပ်ခ ကျပ်ငါးထောင်နှုန်း ရရှိသည်။ ပုံမှန်အလုပ်ရှိနေသည့်အတွက် နေ့စဉ်ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။

 

ကျောက်ကြီးမြို့နယ်တွင် လက်ရှိအုတ်ဈေးနှုန်းမှာ အုတ်ဖိုအတွင်း ဝယ်ယူပါက ငွေကျပ် ကိုးဆယ်နှုန်းရှိပြီး ဒေသတွင်း အနီးအဝေးပေါ်မူတည်ကာ အရောက်ပို့ဈေးဖြင့် ရောင်းချ ပေးလျက်               ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများ၊ မွေးမြူးရေးလုပ်ငန်း များတွင် ဒေသထွက် အုတ်အား အသုံးရသည့်အတွက် စီပွားရေးအဆင်ပြေကြောင်းနှင့် ယခုအချိန်ဟာ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်ဖြစ်၍ ဒေသအတွင်း အလုပ်အကိုင်နှင့် စားဝတ်နေရေး ခက်ခဲနေချိန်တွင် မိမိဒေသမှ ဒေသခံ နေ့စားအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အရေး အနေနဲ့ စားဝတ်နေရေး အဆင်ပြေအောင် တစ်ဖက်တစ်လမ်းမှ ကူညီလုပ်ကိုင် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း အုတ်လုပ်ငန်းရှင် တစ်ဦး၏ပြောကြားချက်အရ  သိရသည်။

 

ကိုသားကြီး( ကျောက်ကြီး)