ရန်ကုန်၊ ၁၃ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ ငွေကျပ်သိန်း ၆၀ ကျော် တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ဇန်နဝါရီ ၁၂ ရက် ညနေ ၄ နာရီက မြို့နယ် သီရိဇေယျ နော်ရထာခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာ PRUDENTIAL အာမခံကုမ္ပဏီနှင့် Actionaid Myanmar တို့ ပူးပေါင်း၍ ၁၅ လီတာ အောက်စီဂျင်အိုး သုံးလုံး၊ ပိုးသတ်ဆေး ၁၁ ပုံး၊ KN 95 နှာခေါင်းစည်း ၂၅၀ ဘူး၊ PPE ၄၅ စုံနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးအထောက်အပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း နှင့် SAVE လူမှုကူညီရေး အသင်းတို့က လက်ခံရယူခဲ့သည်။
နိုင်လင်းကျော်(ဒလ)


