၁၄ ဇန်နဝါရီ
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးတစ်ဦး ရှိလာကြောင်း ဒီနေ့(ကြာသပတေးနေ့) မှာ ထုတ်ပြန်ရာ ရှစ်လအတွင်း ပထမဆုံး သေဆုံးသူလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံမှာ တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်ပိတ်ဆို့ခြင်း၊ လူအများအပြားကို ရောဂါပိုး စစ်ဆေးခြင်းနဲ့ ခရီးသွားလာခြင်းကိုပါ ကန့်သတ်မှု လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် နိုင်ငံရဲ့ မြောက်ပိုင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူဦးရေဟာ အခုရက်ပိုင်း အတွင်းမှာ များလာတာကို တွေ့ရပါတယ်။
အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၃၈ ဦးကြောင်း ပါရှိပါတယ်။ ပိုးကူးစက်မှု ဦးရေဟာလည်း ပြီးခဲ့တဲ့နှစ် မတ်လကစပြီး အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အခုနောက်ဆုံး သေဆုံးမှုရဲ့ အသေးစိတ်ကို မထုတ်ပြန်ဘဲ ဟူဘေပြည်နယ်မှာ သေဆုံးကြောင်းနဲ့ အဲဒီဒေသရှိ မြို့အချို့အား အသွားအလာ ကန့်သတ်ပိတ်ဆို့ထားကြောင်း ပြောပါတယ်။
ဟူဘေနဲ့ အိမ်ချင်းဖြစ်တဲ့ လူဦးရေ ၇ သန်း နေထိုင်တဲ့ ချင်းတောင်နဲ့ လူဦးရေ ၅ သန်း နေထိုင်တဲ့ လောင်ဖန်းမြို့တို့ကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အသွားအလာ ကန့်သတ်ပိတ်ဆို့ထားပါတယ်။
နောက်ထပ် ပြည်နယ်တစ်ခုဖြစ် အရှေ့မြောက်ဘက်ရှိ ဟီလောင်ဂျီး မှာလည်း ကျန်းမာရေးအရ အရေးပေါ် အခြေအနေကို မနေ့ (ဗုဒ္ဓဟူးနေ့) ကစပြီး ကြေညာထားပါတယ်။ အဲဒီပြည်နယ်မှာ နေထိုင်တဲ့ ၃၇.၅ သန်းသော သူတွေကို အရေးကြီးကိစ္စ မရှိဘဲ ပြည်နယ်အပြင်ကို မထွက်ဖို့ ညွှန်ကြားထားပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ စုစုပေါင်း ၄,၆၃၅ ဦးရှိကြောင်း အစိုးရက တရားဝင် ကြေညာထားပါတယ်။
MDN
ကိုးကား - AFP
