လိပ်သို ၊ ၁၄ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ဒေသခံများသည် အဓိက စိုက်ပျိုးသီးနှံအဖြစ် ဖာလာ၊ တညင်း၊ ကွမ်းသီး၊ ကွမ်းရွက်များကိုသာ စိုက်ပျိုးလျက်ရှိသော်လည်း ယခုအခါတွင် ဈေးကွက်များ ဝင်ရောက်လာခြင်း ကြောင့် ဒေသခံပြည်သူ အများအပြား စီးပွားဖြစ်သီးနှံအဖြစ် ရော်ဘာပင်များကိုလည်း တိုးချဲ့စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
လိပ်သိုဒေသထွက် ရော်ဘာအခြောက်တစ်ပေါင်လျှင် ငွေကျပ် ၇၂၀ မှ ကျပ် ၇၃၀ အထိ ရော်ဘာအရည်အသွေး ပေါ်မူတည်၍ ဝယ်ယူလျက်ရှိပြီး လိပ်သိုနှင့် အနီးစပ်ဆုံး ဈေးကွက်အဖြစ် တောင်ငူမြို့ ပွဲရုံများသို့ ပို့ဆောင် ရောင်းချလျက်ရှိကြောင်း ရော်ဘာစိုက်ပျိုးသူ ပိန်းသီလာကျေးရွာမှ ဦးစောလားဘွယ်က ပြောပြသည်။
လိပ်သိုဒေသရှိ ဒေသခံတောင်သူများသည် ဖာလာသီးနှံအပြင် အခြားသီးနှံများဖြစ်သည့် လိုင်ချီး၊ ကော်ဖီ၊ နာနတ်၊ နနွင်းနှင့် ဒူးရင်း အစရှိသည့် သီးနှံပင်များကိုလည်း မိမိတို့၏ ဥယျာဉ်ခြံမြေကွက်များတွင် စီးပွားဖြစ် တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)


