ရန်ကုန်၊  ၁၄  ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ပြည်သူလူထုအကြား ရောဂါကာကွယ်ရေးနည်းလမ်းများကို ပိုမိုသိရှိလိုက်နာစေရေးအတွက် “STOP COVID-19 Yellow Campaign” လှုပ်ရှားမှုများကို ယနေ့နံနက်ပိုင်းက ကမာရွတ်မြိုနယ်အတွင်းရှိ ဘဏ်များနှင့် လူစည်ကားသော နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဦးဆောင်သည့် ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ရေးလှုပ်ရှားမှုဖြစ်သည့် “STOP COVID-19၊ Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါ” ဟူသည့် စာများပါရှိသော အဝါရောင်အသိပညာပေး ဆိုင်းဘုတ်များကို ယနေ့နံနက်ပိုင်းတွင် ပြည်လမ်း၊ မာလာဆောင်အနီး ကမ္ဘောဇဘဏ် ကမာရွတ်ဘဏ်ခွဲ(၁)တွင် လည်းကောင်း၊ စိုက်ပျိုးရေးမှတ်တိုင်အနီး မြန်မာခရီးသွားဘဏ်တွင်လည်းကောင်း ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာ့ခရီးသွားဘဏ် ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်သူက “ကိုဗစ်-၁၉ ကို ပြည်သူတွေအနေနဲ့ အကောင်းဆုံး နည်းလမ်းတွေ၊ အထိရောက်ဆုံး ကာကွယ်စောင့်ရှောက်မှုတွေကို ပိုမိုသိရှိအောင်ရယ်၊ ထိထိရောက်ရောက် ကာကွယ်နိုင်တယ်ဆိုတဲ့ အသိပေးတဲ့လှုပ်ရှားမှုဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ပြည်သူများ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ဆေးရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်တို့ကို ပိုမို သတိပြုလိုက်နာစေရေးအတွက် ရည်ရွယ်လုပ်ဆောင်လျက်ရှိသော အဝါရောင် လူထုအသိပညာပေးမှုများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း စတင်ခဲ့ပြီး ထင်သာမြင်သာရှိကာ ပြည်သူများအနေဖြင့် ပိုစတာများကို သတိထား ဖတ်မိစေရန် တိုက်တွန်းနိုင်သောကြောင့် အဝါရောင်ကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသွားလူလာများသည့် ဘတ်စ်ကားမှတ်တိုင်များ၊ ဆေးရုံများ၊ ဟိုတယ်များနှင့် ဘဏ်ခွဲများအနီးတွင် ကိုဗစ်-၁၉ ရပ်တန့်ရေး အဝါရောင်ဆိုင်းဘုတ်များကို တပ်ဆင်လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ယနေ့နံနက်ပိုင်း၌ ကမာရွတ်မြို့နယ် လှည်းတန်းမီးပွိုင့်နှင့်အနီး အများပြည်သူ သွားလာမှုများသော နေရာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတသမားများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပါးစပ် နှာခေါင်းစည်းများ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - အာကာစိုး