ရွှေဘို ၊ ၁၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အတွင်းရှိကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး ကျေးရွာ(၄)ရွာတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ ကျေးလက်ဒေသနေပြည်သူများနှင့် မွေးမြူထားရှိသည့် တိရစ္ဆာန်များ အတွက်ပါ သန့်ရှင်းသော သောက်သုံးရေဖူလုံစေရေးအတွက် ရည်ရွယ်၍ ပြည်သူများ၏ တင်ပြချက်များ၊ ဌာနမှတာဝန်ရှိသူများ၏ ကွင်းဆင်း လေ့လာတွေ့ရှိချက်များ၊ လွှတ်တော်ကိုယ် စားလှယ်များ၏ အကြုံပြုချက်များအရ သန့်ရှင်းသော သောက်သုံးရေ အမှန်တကယ်လိုအပ်သော ကျေးရွာများကို ဦးစားပေး အစီအစဉ်အလိုက်လျာထား ဆောင်ရွက်ပေးလျက်ရှိကြောင်း ရေဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ငြိမ်းငြိမ်းအေးမှ ပြောကြားသည်။
ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရေဦးမြို့နယ်အတွင်းရှိ အင်းကြီး(ရှေ့)ကျေးရွာတွင် ပြည်ထောင်စုခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၆.၈၂)ကျပ်သန်းဖြင့် ဂါလန် ၂၄၀ဝ ဆံ့ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းနှင့် ဆင်ခြံကျေးရွာတွင် ပြည်ထောင်စု ခွင့်ပြုဘဏ္ဍာရန်ပုံငွေ (၁၂.ဝ၈) ကျပ်သန်းဖြင့် စက်ရေတွင်း၊ ဂါလန် ၂၀ဝ၀ ဆံ့ရေကန်၊ ရေစက်ရုံတည်ဆောက်ခြင်းကို တင်ဒါအောင်မြင်သော Golden Moon Star ကုမ္ပဏီမှ လည်ကောင်း၊ အင်းကြီး(န)ကျေးရွာတွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇.၄၅)ကျပ်သန်းဖြင့် ဂါလန် ၂၄၀ဝ ဆံ့ ကွန်ကရစ်ရေစင်တည်ဆောက်ခြင်း၊ ပန့်ဆိုင်းကြိုး၊ Control Pannel လဲလှယ်ခြင်း တို့ကိုလည်ကောင်း၊ အင်ပုထိုး ကျေးရွာတွင် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉.၃၅)ဖြင့် စက်ရေတွင်း၊ ဂါလန် ၂၀ဝ၀ ဆံ့ ရေကန်တည်ဆောက်ခြင်းကို တင်ဒါအောင်မြင်သော - TH Seven ကုမ္ပဏီမှလည်းကောင်း အသီးသီး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် နွေရာသီတွင် သန့်ရှင်းသော သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါကလည်း ဆက်သွယ် အကြောင်းကြားနိုင်ရန် မိမိတို့ ဦးစီးဌာနမှ သက်ဆိုင်ရာနေရာဒေသအလိုက် ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို လည်း Online မှတဆင့် ကျယ်ပြန်စွာ အသိပေးထားကြောင်းနှင့် သန့်ရှင်းသော သောက်သုံးရေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်လည်း အစီအစဉ်များ ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီးမှုးထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


