ပဲခူး၊ ၁၄ ဇန်နဝါရီ
ပဲခူးမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ပြီး မြို့အတွင်း ယာဉ်ကြောကြပ်တည်းမှုများ ဖြေလျော့စေရန် ပဲခူးမြစ်ကူးတံတားသစ်(မြို့ဦးကင်း)ကို ၂၀၁၉ ခုနှစ် မတ် ၂ ရက်မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သည်။
အဆိုပါမြစ်ကူးတံတားသည် သမိန်ဗရမ်းလမ်းနှင့် စိန်သာလျောင်းလမ်းမကို ဆက်သွယ်ထားခြင်းဖြစ်ပြီး တံတားကြီးကို ဘိုးပိုင်အုတ်မြစ်၊ ကိုယ်ထည်မှာ သံကူကွန်ကရစ်ကြမ်းခင်း၊ လက်ရန်းများနှင့် တည်ဆောက်ထားကာ တံတားအရှည်မှာ ၅၁၈ ဒသမ ၄ ပေ၊ အကျယ် ပေ ၄၀၊ တံတားတစ်ဖက်စီတွင် လူသွာလမ်း ၆ ပေစီနှင့် ခံနိုင်ဝန်မှာ တန်(၆၀)ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း (၄၂၀၀)ဖြင့် တည်ဆောက်ထားကြောင်း တံတားဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
တံတားကြီးဖွင့်လှစ်ပါက ပဲခူးမြို့အတွင်း ယာဉ်ကြောကြပ်တည်းမှုများ လျော့ကျသွားမည်ဖြစ်ပြီး ပဲခူးမြို့ လမ်းကွန်ရက်ချိတ်ဆက်မှုများကို အထောက်အကူဖြစ်စေသည့်အတွက် ပြည်သူလူထု နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုများ လွယ်ကူစွာ အချိန်တိုအတွင်း သွားလာနိုင်မည်ဖြစ်ကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလတွင် တံတားကြီးအား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဟိန်းထက်(ပဲခူး)


