ဆီဆိုင် ၊ ၁၄ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ နေထိုင်မှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် ငါး ခန်းတွဲ၊ တစ်ထပ် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ရတနာပန္နက်တော်တင်ပွဲကို ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ ၀န်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရတနာပန္နက်တော်တင်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ပညာရေးမှူး ဦးစိုးသစ်၊ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးဘဆန်းလှနှင့် တာဝန်ရှိသူများက ဆရာ/ဆရာမများ နေထိုင်ရန်အတွက် ဝန်ထမ်း အိမ်ရာ အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင် ရတနာပန္နက်ရိုက်၍ အမွှေးနံသာရည်များ ပက်ဖျန်းပေးကြကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာသည် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ ငါးခန်းတွဲ တစ်ထပ် အဆောက်အအုံဖြစ်ပြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် (၁၆ ဒသမ ၆) သန်းဖြင့် အောင်ဆုပြည့်ကျော် ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး (ဆီဆိုင်)


