ဒစ်ဂျစ်တယ် မီဒီယာနှင့် ဒစ်ဂျစ်တယ် ဈေးကွက်လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ ဒီအစီအစဉ်မှာ ဒစ်ဂျစ်တယ်မီဒီယာနဲ့ ဒစ်ဂျစ်တယ်ဈေးကွက်လုပ်ငန်းကဏ္ဍကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဆန်းသစ်တီထွင်မှုကို အခြေခံတဲ့ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားအောင် ဘယ်လိုဆောင်ရွက်နိုင်သလဲဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။
ဒီနေ့အစီအစဉ်မှာ WE Distribution / Yangon Book Plaza မှ CEO ဦးမြေမှုန်လွင်နဲ့ Food Writer, Food Blogger, TV Food Presenter ဖြစ်သူ ဒေါ်ချိုဝတ်ရည် (Wutyee Food House) တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံးမေးခွန်းအနေနဲ့ ကိုဗစ်ကာလအတွင်းမှာ စာအုပ်ထုတ်ဝေရေးလုပ်ငန်းက ဒစ်ဂျစ်တယ်ကို အခြေပြုပြီး ဖြန့်ချိမှုနဲ့ စာအုပ်ဈေးကွက်အခြေအနေက ဘယ်လိုမျိုးတွေရှိသလဲ ဆိုတာကို ဦးမြေမှုန်လွင်က မျှဝေပေးပါဦး။
ဦးမြေမှုန်လွင်။ ။ ကျွန်တော်တို့အားလုံး မမျှော်လင့်ဘဲ ကိုဗစ်ရောဂါ ကပ်ဆိုးကြီးဖြစ်တဲ့ အခါမှာ ဆုံးရှုံးမှုတွေက အများကြီးရှိပါတယ်။ တချို့ဆိုရင် ဘဝတွေ ဆုံးရှုံးသွားတယ်။ တချို့ဆိုရင် အလုပ်အကိုင်တွေ ဆုံးရှုံးတယ်။ ကိုဗစ်ရောဂါက မကောင်းတာတွေ အလွန်များပါတယ်။ဒါပေမယ့် အနည်းငယ်သော ကောင်းကျိုးတစ်ခုကို ပြန်ရလိုက်ပါတယ်။ ဒါက စာအုပ်ထုတ်ဝေရေးလုပ်ငန်းပါ။
စာအုပ်ထုတ်ဝေရေးလုပ်ငန်းအတွက် ကောင်းကျိုးတွေ အများကြီးရခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ပေါ်မှာ ရောင်းဝယ်တဲ့စနစ်တွေ အလျင်အမြန် တိုးတက်ခဲ့ပါတယ်။ နိုင်ငံတကာမှာ ဒီစနစ်က အများကြီးထွန်းကားနေပါတယ်။ နိုင်ငံတကာမှာ Amazon ကနေ စာအုပ်မှာတယ်ဆိုတာ ဓလေ့ထုံးတမ်းတစ်ခုလို ဖြစ်နေပြီး အသုံးပြုသူတွေအနေနဲ့ အသားကျနေတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
မြန်မာပြည်မှာ စာအုပ်ရောင်းချတဲ့ ထုတ်ဝေသူအများစုရဲ့ ၉၀ ရာခိုင်နှုန်းက လူကြီးတွေဖြစ်ပြီး သူတို့က နည်းပညာနဲ့ အကျွမ်းတဝင်မရှိပါဘူး။ နည်းပညာကို အသုံးပြုရမှာ လန့်ကြပါတယ်။ နည်းပညာအပြောင်းအလဲတွေကို မလုပ်လိုကြပါဘူး။ ဒါပေမယ့် ကိုဗစ်ရောဂါကာလမှာ စာအုပ်ဆိုင်တွေ ပိတ်လိုက်ရပါတယ်။ စာအုပ်ဆိုင်ဆိုတာက ဝယ်သူနဲ့ ရောင်းသူတွေရဲ့ကြားမှာ ပေါင်းကူးပေးတဲ့ တံတားတစ်ခု ဖြစ်ပါတယ်။
ဒီဆိုင်တွေမရှိရင် ထုတ်ဝေသူအနေနဲ့ စာအုပ်ဝယ်တဲ့သူတွေ လက်ထဲကို စာအုပ်ရောင်းချဖို့အတွက် ပလက်ဖောင်းပျောက်သွားပါတယ်။ ဒီလိုပျောက်သွားတဲ့အတွက် စာအုပ်ထုတ်ဝေသူ အသက်ကြီးပိုင်းတွေအနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို မဖြစ်မနေကူးပြောင်းရပါတယ်။ မကူးပြောင်းရင် သူတို့အတွက် ဈေးကွက်နေရာ မရှိတော့ပါဘူး။ ဒါက ကိုဗစ်ရဲ့ ဘေးထွက်ကောင်းကျိုး တစ်ခု ဖြစ်ပါတယ်။
ဒီကောင်းကျိုးကလည်း စာအုပ်ထုတ်ဝေသူတွေအနေနဲ့ ၄ နှစ် / ၅ နှစ် အချိန်ယူပြီး ပြောင်းလဲသွားမယ့် ကိစ္စတစ်ခုဖြစ်သော်လည်း ကိုဗစ်ကြောင့် လပိုင်းအတွင်းမှာ ပြောင်းလဲခဲ့ပါတယ်။ စာအုပ်ဆိုင်တွေအနေနဲ့ ကိုဗစ်ကြောင့် ပိတ်လိုက်ရတဲ့အတွက် ဒစ်ဂျစ်တယ်ပေါ်မှာ ဝန်ဆောင်မှုတွေ ပေးလာရပါတယ်။ ဒစ်ဂျစ်တယ်ဆိုတာ အွန်လိုင်းစနစ်ကို အသုံးပြုပြီး စာအုပ်တွေ ရောင်းတာပါ။
ဒီလိုရောင်းတဲ့အခါမှာ ဖေ့စ်ဘွတ်ကို အသုံးပြုပြီး ရောင်းချတာကနေ အခုနောက်ပိုင်းမှာ အက်ပလီကေးရှင်းတွေ၊ ဝက်ဘ်ဆိုက်တွေ၊ Messenger တွေကို အသုံးပြုတဲ့စနစ်တွေနဲ့ ရောင်းတဲ့ အွန်လိုင်းစာအုပ်ဆိုင်တွေ ပေါ်လာပါတယ်။ နိုင်ငံတကာနည်းတူ အွန်လိုင်းပေါ်မှာ အပြိုင်အဆိုင် ဝန်ဆောင်မှုပေးနေတာတွေကို တွေ့လာရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လာသလဲဆိုရင် ကိုဗစ်ကြောင့် ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဒစ်ဂျစ်တယ်စနစ်နဲ့ မလုပ်ကိုင်ချင်တဲ့သူတွေအနေနဲ့ မဖြစ်မနေ ပြောင်းလဲရပါတယ်။ ဒါက ကိုဗစ်ရဲ့ ဘေးထွက်ကောင်းကျိုး တစ်ခုဖြစ်ပါတယ်။
စာရေးဆရာတွေအနေနဲ့လည်း အွန်လိုင်းပေါ်မှာ အများကြီးရေးသားလာကြပါတယ်။ ဒီလိုရေးသားတဲ့ စာရေးဆရာတွေအတွက် အခွင့်အလမ်းတွေ အများကြီးဖြစ်ပေါ်လာပါတယ်။ သူတို့ ရေးသားတဲ့ စာပေအပေါ်မှာ ပရိသတ်တွေက နှစ်သက်ကြတယ်ဆိုရင် ထုတ်ဝေသူတွေကလည်း သူတို့နောက်ကို လိုက်လာကြပြီး စာအုပ်တွေ ထုတ်ဝေပေးတဲ့အတွက် အောင်မြင်မှုတွေ ရရှိကြပါတယ်။ ဒီလိုနဲ့ စာပေလောကလည်း ဒစ်ဂျစ်တယ်ပေါ်ကို အလျင်အမြန် ပြောင်းလဲသွားပြီး စာပေလောကအတွက် ကြီးမားတဲ့အချိုးအကွေ့ တစ်ခုဖြစ်ခဲ့ပါတယ်။
စာအုပ်ဝယ်တဲ့သူတွေအနေနဲ့ စာအုပ်ဆိုင်ကို ကိုယ်တိုင်သွားရောက်ပြီး ဝယ်ယူချင်သော်လည်း ကိုဗစ်ကာလမှာ Stay at Home ဖြစ်တဲ့အတွက် အပြင်ထွက်လို့မရပါဘူး၊ စာအုပ်ဆိုင်တွေက ပိတ်ထားတဲ့အတွက် သွားလို့မရပါဘူး။ အဲဒီအခါမှာ သူတို့အနေနဲ့ ဒစ်ဂျစ်တယ်ပေါ်ကနေ မဖြစ်မနေ ဝယ်လိုက်ရပါတယ်။ ဒါကြောင့် စာအုပ်လုပ်ငန်းက ကိုဗစ်ကာလမှာ အများကြီး ပြောင်းလဲသွားတယ်။ စာအုပ်ရောင်းအားတွေ ကျဆင်းသွားမယ်လို့ ထင်ပေမယ့်၊ တခြားသော ရုပ်ရှင်၊ ဂီတတို့လို အနုပညာ အခြေခံစီးပွားရေးတွေလောက် စာအုပ်လောက မထိခိုက်ခဲ့ပါဘူး။
ဒစ်ဂျစ်တယ်ခေတ်မှာ အွန်လိုင်းပလက်ဖောင်းရှိနေတဲ့အတွက် စာအုပ်ဈေးကွက်အနေနဲ့ ရောင်းချနေရဆဲဖြစ်ပါတယ်။ စာအုပ်အသစ်တွေအနေနဲ့ ကိုဗစ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း အတွင်းမှာ အများကြီးထွက်နေပါတယ်။ ထွက်ရှိတဲ့ စာအုပ်တွေကလည်း ဈေးကွက်မှာ အောင်မြင် နေတာတွေ့ရတဲ့အတွက် ဒါက စာပေလောကအတွက် ကိုဗစ်ကာလမှာ ထူးခြားတဲ့ အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
အစီအစဉ်မှူး။ ။ ဒစ်ဂျစ်တယ်မီဒီယာခေတ်မှာ Influencer တစ်ယောက်အနေနဲ့ မိမိကိုယ် ကို အမှတ်တံဆိပ် တစ်ခုဖြစ်အောင် ဒစ်ဂျစ်တယ် မီဒီယာကို အသုံးပြုပြီး ဘယ်လိုမျိုးဆောင်ရွက်နိုင် တယ်ဆိုတဲ့ အတွေ့အကြုံတွေကို ဒေါ်ချိုဝတ်ရည်က မျှဝေပေးပါဦး။
ဒေါ်ချိုဝတ်ရည်။ ။ ကျွန်မအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၀ ပြည့်နှစ်မှာ အွန်လိုင်းဘလော့တွေ ခေတ်စားနေတဲ့အချိန် ဟင်းချက်နည်းဘလော့တစ်ခုကို စပြီးလုပ်ခဲ့ပါတယ်။ ဒါကို ဒစ်ဂျစ်တယ်မီဒီယာမှာ လုပ်ဖြစ်တဲ့အတွက် လူတွေအများကြီး သတိထားမိသွားပါတယ်။ ဝတ်ရည်ဘလော့ကနေပြီး ဟင်းချက်နည်းတွေ မျှဝေနေရင်း Food မဂ္ဂဇင်းမှာ ဟင်းချက်နည်းတွေ ရေးဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် ရုပ်သံလိုင်းတွေမှာပါ အစီအစဉ်တင်ဆက်သူအဖြစ် Wutyee Food House on TV ကို စတင်ပြီး လုပ်ဖြစ်ပါတယ်။
အဓိကအနေနဲ့ ဒစ်ဂျစ်တယ်ကနေ စာအုပ်ထုတ်ဝေတာ၊ တီဗီရုပ်သံလိုင်းပေါ်ရောက်သွားတာတို့က တဖြေးဖြေးနဲ့ ဖြစ်သွားတာပါ။ ၂၀၁၅ ခုနှစ်မှာ ဝတ်ရည်မီးဖိုချောင်က တော်တော်လူသိများလာပါတယ်။ ဒီအခါမှာ ကြည့်ရှုသူတွေအနေနဲ့ ဝက်ဘ်ဆိုက်ကို သွားမကြည့်ကြတော့ဘူး။ ဖေ့စ်ဘွတ်ကို သွားရောက်ကြည့်ရှုကြတာ များတဲ့အတွက် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်စာမျက်နှာမှာ အဓိက ဟင်းချက်နည်းတွေကို ဝေမျှပေးတယ်။ ဖေ့စ်ဘွတ်မှာ လာရောက်ကြည့်ရှုသူအနေနဲ့ ၅ သိန်းနီးပါးရှိလာပါတယ်။
ကျွန်မအနေနဲ့ အပြင်မှာ ဘယ်လောက်ဟင်းချက်တတ်ပါစေ ဒီလိုဒစ်ဂျစ်တယ်မီဒီယာ မရှိဘူးဆိုရင် အားပေးမယ့် ပရိသတ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဟင်းချက်နည်း ကျွမ်းကျင်တဲ့သူမှ မဟုတ်ပါဘူး။ ကိုယ်က သိုးမွေးထိုးတာ ဝါသနာပါတယ်။ ဖေ့စ်ဘွတ်မှာ Page ထောင်မယ်၊ ဗီဒီယိုတွေတင်ပေးမယ် ဒီလိုမျိုးတည်ဆောက်လို့ ရပါတယ်။ ကျွန်မဆိုရင် ဒီအမှတ် တံဆိပ်ကို တည်ဆောက်လာတာ ၁၀ နှစ်လောက်ရှိပါပြီ။
ဒီအမှတ်တံဆိပ်ကို အသုံးပြုပြီး Freelance အလုပ်တွေရှိတယ်။ အဓိက ကိုယ်ပိုင်ဝင်ငွေတစ်ခု ရလာတယ်။ စားသောက်ဆိုင်ဖွင့်တော့လည်း အောင်မြင်တယ်။ ဒစ်ဂျစ်တယ်မီဒီယာကို အသုံးပြုပြီး နာမည်တစ်ခုရအောင် တည်ဆောက်လို့ရတယ်။ ဟင်းချက်တာမှ မဟုတ်ဘူး။ အခြားလက်မှုပညာ ဖြစ်ဖြစ်၊ အခုဆိုရင်လည်း Beauty Blogger တွေ ခေတ်စားလာပါတယ်။ ဒါတွေအကုန်လုံးက ဒစ်ဂျစ်တယ်မီဒီယာကို အသုံးပြုပြီး မိမိတို့ အမှတ်တံဆိပ် တစ်ခုရအောင် တည်ဆောက်သွားတာလို့ မြင်ပါတယ်။
အစီအစဉ်မှူး။ ။ ကိုယ်တိုင်လည်း စာရေးဆရာတစ်ယောက်ဖြစ်ပြီး စာအုပ်ထုတ်ဝေသူအနေနဲ့ ဆောင်ရွက်နေတဲ့အတွက် ၂၀၂၁ ခုနှစ်အလွန် မြန်မာ့စာပေလောကနဲ့ ဒစ်ဂျစ်တယ်က ဘယ်လောက် အချိတ်အဆက်မိပြီး ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ဦးမြေမှုန်လွင်က သုံးသပ်ပေးပါဦး။
ဦးမြေမှုန်လွင်။ ။ ဖေ့စ်ဘွတ်ဆိုတဲ့ ပလက်ဖောင်းက အတော်ခေတ်စားလာပြီး မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်မသုံးတဲ့သူ မရှိသလောက်ဖြစ်လာပါတယ်။ ဒါကြောင့် လူကြီးတွေက လူငယ်တွေ စာမဖတ်တော့ဘူး၊ အွန်လိုင်းပေါ်မှာ အချိန်ကုန်နေတယ်ဆိုပြီး ပြောကြတယ်။ ဒီတော့ ဘာလုပ်ရသလဲဆိုရင် အွန်လိုင်းပေါ်မှာရှိနေတဲ့ လူတွေ၊ လူငယ်၊ လူကြီးတွေဆီကို သွားရပါတယ်။
အရင်တုန်းကလို ဆိုင်ပေါ်မှာ အခန့်သား စာအုပ်ထိုင်ရောင်းနေတဲ့ ခေတ်မဟုတ်တော့ပါဘူး။ သူတို့ဘယ်မှာရှိနေတယ်ဆိုတာ ကျွန်တော်တို့က ရှာရပါတယ်။ လူငယ်တွေက ဖေ့စ်ဘွတ်၊ Youtube, Instagram နဲ့ Twitter တွေပေါ်မှာ ရှိနေပါတယ်။ ဖေ့စ်ဘွတ်ထက် Instagram ကို လူငယ်ပိုင်းတွေက ပိုသုံးလာတယ်။ နောက်ပြီး TikTok ပေါ်မှာရှိလာတယ်။
ဒီလိုရှိနေတဲ့အတွက် သူတို့ကို အဲဒီထဲကနေ ဆွဲထုတ်ချင်တော့ ထုတ်ဝေသူစာရေးဆရာ တစ်ယောက်အနေနဲ့ ဒစ်ဂျစ်တယ်ကို မဖြစ်မနေသွားရပါတယ်။ မသွားဘဲနဲ့ သူတို့ကို ကိုယ့်ဆီလာ အောင်ခေါ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော် အပါအဝင် ဒီလိုထင်မြင်တဲ့ အခြားထုတ်ဝေသူတွေလည်း ရှိပါတယ်။ ဝိုင်းဝန်းလုပ်ဆောင်လိုက်တာ ၃ နှစ်လောက်အတွင်းမှာ စာအုပ်ရောင်းအားက သိသိသာသာ တက်လာပါတယ်။
အွန်လိုင်းပေါ်ကနေ စာအုပ်တွေကို ဖြန့်ချိတာ၊ အရောင်းအဝယ်ပြုလုပ်တာ၊ Campaign တွေ လုပ်တာ၊ ကြော်ငြာတာတွေက အလွန်ထိရောက်ပါတယ်။ လူငယ်တွေရဲ့ စာဖတ်အားက တက်လာပါတယ်။ စာအုပ် အုပ်ရေ တစ်သောင်း/ နှစ်သောင်းလောက်ဆိုတာ ရောင်းရတာသိပ်ပြီး မခက်ခဲတော့တဲ့ အနေအထား ဖြစ်လာပါတယ်။ အရင်ကဆို စာအုပ် အုပ်ရေ တစ်သောင်း ရောင်းရဖို့ အတော်ကြိုးစားရပါတယ်။
အခုစာအုပ် အုပ်ရေ တော်တော်များများကို ရောင်းနေရပြီဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ နိုင်ငံရဲ့စာဖတ်အားက မနိမ့်တော့တဲ့ အနေအထား ဖြစ်လာပါတယ်။ လူငယ်တွေ ပိုပြီးစာဖတ်လာပါတယ်။ လူကြီးတွေ စိုးရိမ်နေသလို လူငယ်တွေ စာမဖတ်တာ မဟုတ်ဘူး။ စာတွေ ပြန်ဖတ်လာပါပြီ။
တိုင်းပြည်ရဲ့ ပညာရေးစနစ်ကလည်း ပြောင်းလဲနေပြီဖြစ်တဲ့အတွက် လူငယ်တွေ ပိုပြီးစာဖတ် လာကြပါတယ်။ ဒါကို အစဉ်အလာကောင်းအောင် ဆက်လက်ထိန်းသိမ်းဖို့ဆိုရင် အနာဂတ် ၂၀၂၁ ခုနှစ်အလွန်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကို ပိုပြီးအသုံးချဖို့လိုအပ်ပါတယ်။ နောင်မှာ စာအုပ်ထုတ်ဝေတဲ့အခါ စက္ကူတွေ လုံးဝမသုံးဘဲ ဒစ်ဂျစ်တယ်ပုံနှိပ်ခြင်း (Digital Printing) တွေလုပ်ဖို့ စီစဉ်နေပါတယ်။
လာမယ့် တစ်လ/နှစ်လအတွင်းမှာ Digital Printing နဲ့ ဆောင်ရွက်သွားမယ့် စာအုပ်တိုက် တစ်ခုပေါ်လာဖို့ စီစဉ်နေပါတယ်။ အဲဒီကနေ ဒစ်ဂျစ်တယ်စာအုပ်တွေ ထုတ်ဝေပြီး ပုံနှိပ်စာအုပ်တွေ လုံးဝမထုတ်တော့တဲ့အထိ သွားဖို့ရှိနေပါတယ်။ ဒါကျွန်တော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။
လူငယ်တွေ ဘယ်နေရာမှာ စာအုပ်ဖတ်ပါစေ ဖတ်ဖြစ်ဖို့က အဓိက ဖြစ်ပါတယ်။ စာအုပ်ကိုင်ဖတ်မှ မဟုတ်ပါဘူး။ နောင်မှာ Digital Printing တွေကို သွားမယ်။ အွန်လိုင်းပေါ်မှာ စာအုပ်ရောင်းမယ်။ စာအုပ်တွေထုတ်မယ်။ စာရေးသူတွေကလည်း ရေးကြမယ်။
ဒီလို အွန်လိုင်းပေါ်မှာရေးတဲ့ အားသာချက်က စာအုပ်ရဲ့ Review တွေကို စာဖတ်သူတွေက ဒီစာအုပ်ကို မကြိုက်ရင် မကြိုက်ကြောင်းရေးလို့ရမယ်။ ဒီအတွက် ထုတ်ဝေသူတွေနဲ့ စာရေးဆရာတွေက ပိုပြီးသတိထားရမယ်။ အရည်အသွေးတွေ ပိုမိုကောင်းမွန်အောင် လုပ်ရမယ်။ ဒါက ကျွန်တော်တို့ရဲ့ အနာဂတ် ဖြစ်ပါတယ်။
စာအုပ်လောက အများကြီး ဖွံ့ဖြိုးလာမယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ စာအုပ်ဈေးကွက်က ပိုပြီးကျယ်ပြန့်လာမယ်။ စာအုပ်တွေသာမက စာအုပ်မဟုတ်တဲ့ ဒစ်ဂျစ်တယ်စာအုပ်တွေ၊ e-Book တွေကို ရောင်းချတဲ့ဈေးကွက်တစ်ခု ပေါ်ထွက်လာဖို့ အလားအလာတွေရှိပါတယ်။
ဒီလိုပေါ်ထွက်လာဖို့ ကျွန်တော်သာမက ထုတ်ဝေသူတွေက လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ Web Novel လို့ ခေါ်ပါတယ်။ Online ပေါ်မှာ စာရေးကြတယ်။ ပြည်တွင်းမှာ အလားတူ အက်ပလီကေးရှင်းတွေ ထုတ်လုပ်ပြီး မိတ်ဆက်လာကြပါပြီ။
ဒီအပေါ်မှာ စာတွေသွားရေးကြတယ်။ ဒီအပေါ်မှာ စာဖတ်သူတွေနဲ့ ဆုံကြတယ်။ သူတို့အတွက် စာအုပ်ထုတ်ဖို့၊ သူတို့အတွက် စာအုပ်ဆိုင်ကို သွားဖို့ဆိုတာ မလိုအပ်တော့ပါဘူး။ အကုန်လုံးက အက်ပလီကေးရှင်းတစ်ခု၊ ဖုန်းတစ်ခုတည်းမှာ ဖတ်လို့ရတဲ့ အနေအထားမျိုး ဖြစ်နေပါပြီ။
ကျွန်တော့်အနေနဲ့ ဒါက ကောင်းမွန်တဲ့ အလားအလာလို့ သုံးသပ်ပါတယ်။ စာပေလောကအနေနဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်ဦးမယ်လို့ မျှော်လင့်ပါတယ်။ အပြောင်းအလဲတွေက ပိုကောင်းတဲ့ အပြောင်းအလဲတွေလို့ ယုံကြည်ပါတယ်။
အစီအစဉ်မှူး။ ။ နောင်ဖြစ်ပေါ်လာမယ့် ဒစ်ဂျစ်တယ်ဈေးကွက်အခြေအနေနဲ့ ပတ်သက် ပြီး ဒေါ်ချိုဝတ်ရည်က သုံးသပ်ဆွေးနွေးပေးပါဦး။
ဒေါ်ချိုဝတ်ရည်။ ။ ဖေ့စ်ဘွတ်အပြင် ခေတ်စားလာမှာက Youtube လို့ မြင်ပါတယ်။ နိုင်ငံတကာမှာ အခု Youtube တွေက အတော်အောင်မြင်နေပါတယ်။ အခုလို ကိုဗစ်ကာလမှာ လူတွေက အပြင်မထွက်ရဘူး၊ Stay at Home ကာလတွေများတဲ့အတွက် Youtube ကို အကြည့်များ လာကြတယ်လို့ မြင်ပါတယ်။
ကိုယ်တိုင်လည်း Wutyee Food House Youtube Channel လုပ်ထားပါတယ်။ ထိထိရောက် ရောက် ဗွီဒီယိုတွေကို မတင်ဖြစ်သေးပါဘူး။ နောက်ပိုင်းမှာ ပိုပြီး Active ဖြစ်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Idol လည်းဖြစ်တယ်။ အလွန်အောင်မြင်နေတဲ့ Youtube Channel အကြောင်း ပြောပြချင်ပါတယ်။ ဒါက Bringing with Babish ခေါ်ပါတယ်။ ကြည့်ရှုသူ ၁ ဒသမ ၆ ဘီလီယံ လောက်ရှိပါတယ်။ တစ်ရက်ကို ဝင်ငွေဒေါ်လာ ၉၀၀၀ လောက် ရှိပါတယ်။ သူ့ရဲ့ Network အနေနဲ့ ၄ မီလီယံလောက်အထိကို အောင်မြင်နေပါတယ်။ ကိုယ်တတ်တဲ့ပညာနဲ့ ဒစ်ဂျစ်တယ်မီဒီယာကို အသုံးပြုပြီး ဖေ့စ်ဘွတ်သာမက Youtube Channel တစ်ခု ထူထောင်သင့်ပါတယ်။
ကျွန်မ လေ့လာမိသလောက် ချက်ချင်းထူထောင်ပြီး ချက်ချင်းအောင်မြင်တဲ့သူ မရှိပါဘူး။ Youtube Channel က အနည်းဆုံး ၃ နှစ်လောက် အချိန်ပေးရပါတယ်။ အခုအချိန်မှာ စမယ်ဆိုရင် ၂၀၂၄ ခုနှစ်လောက်မှာ တစ်ရက်ကို ဒေါ်လာ ၉၀၀၀ လောက် ဝင်ငွေရှိလာနိုင်ပါတယ်။ ဒါက မဖြစ်နိုင်ဘူးလို့ ပြောလို့မရပါဘူး၊ ကြိုးစားရင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ်မီဒီယာရဲ့ အရွေ့က Youtube Channel လို့ မြင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ထက်လျှံ


