ဝန်းသို၊ ၁၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အောင်းပင်ကျေးရွာတွင် စိုက်ပျိုးရေး ဧရိယာဧက(၂၀၀)ကျော် အတွက် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဖောက်လုပ်လျက်ရှိရာ ဇန်နဝါရီ ၁၄ ရက်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်းအဖွဲ့တို့က လမ်းဖောက်လုပ်ရာ၌ စိမ့်ရေထွက်ရှိသည့် နေရာတွင် လိုအပ်နေသည့် ရေပြွန်/ ရေကျော်တို့ကို ကျေးရွာလူထုနှင့် ညှိနိူင်းဆောင်ရွက်ပေးခြင်း၊ လမ်းဘေးဝဲ/ယာတွင် ရေနုတ်မြောင်းများ ဖောက်လုပ်စေရေး၊ ၉ လက်မထုတင်မည့် ဂျင်းမြေ(သို့) ကျောက်ရောမြေတို့ကို သိပ်သည်းစွာ ဆောင်ရွက်ပေးနိုင်ရေး၊ လမ်းဖောက်ရာတွင် လိုအပ်နေသော မြေနေရာ အကျယ်အဝန်းရရှိရေး စသည့်လုပ်ငန်းတို့ကို ကုမ္ပဏီမှတာဝန်ရှိသူများ၊ ယာမြေပိုင်ရှင်များ၊ ကျေးရွာလမ်း ကော်မတီတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အောင်းပင်ကျေးရွာ ကုန်ထုတ်လမ်းကို တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေမှ တင်ဒါအောင်မြင်ငွေ ငွေကျပ် (၈၉.၈)သန်းဖြင့် ရွှေသိန်းမိသားစုဝန်ဆောင်မှုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းအရှည်(၂)မိုင်၊ အကျယ်(၁၂)၊ ထု(၂ပေ၊ ၉လက်မ)ရှိ မြေသား+ဂျင်း အမျိုးအစားလမ်း ဖြစ်သည်။ ယင်းကုန် ထုတ်လမ်းဖောက်လုပ် ပြီးစီးပါက အိမ်ခြေ(၁၀၃)အိမ်၊ လူဦးရေ(၅၅၆) ဦးအတွက် သွားရေး/လာရေး အဆင်ပြေ နိုင်သည့်အပြင် လယ်မြေနှင့် ယာမြေဧရိယာ ဧက(၂၀၀)ကျော်တို့အတွက် ထုတ်ကုန်သီးနှံများကို ဈေးကွက်သို့ အချိန်မီသယ်ယူပို့ဆောင်ရာတွင် များစွာအကျိုးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


