သရက်၊  ၁၅  ဇန်နဝါရီ

 

 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေပုံး၊ သဲပုံးများ ဆောင်ရွက်ထားရှိမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီ  ၁၄ ရက်က  ပိဿလိမ်းကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

 

 

ဆွေးနွေးပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးချမ်းငြိမ်းသူက အဆောက်အအုံများသည် Steel Structure များ ဖြစ်လာခြင်း၊ လမ်းကျဉ်းသည့် နေရာများတွင် မီးသတ်ယာဉ်များ နေရာယူ ငြှိမ်းသတ်နိုင်ရန်နှင့် ဝင်/ထွက် သွားလာနိုင်ရန် ခက်ခဲခြင်း၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲများ ကြုံလာနိုင်ခြင်း၊ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ် ကြုံလာပါက ဆောင်ရန်/ရှောင်ရန်များကို သိရှိစေရန်နှင့် မီးလောင်ပြင် ရေပြတ်တောက်မှု မရှိစေရေးတို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

 

ထို့နောက် နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများထားရှိမှု ရှိ မရှိနှင့် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ထားရှိမှုရှိ မရှိတို့အား စစ်ဆေးကာ အသိပညာပေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 

ဇော်ဝမ်းထွန်း(အောင်လံ)