ရိခေါ်ဒါရ်၊  ၁၅  ဇန်နဝါရီ

 

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း ၁၅ ခုအတွက် တင်ဒါအောင်မြင်သူ စာရင်းကို ဇန်နဝါရီလ ပထမပတ်အတွင်း ကြေညာထားခဲ့ပြီး တင်ဒါအောင်မြင်သူ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့နှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းကြားထားကြောင်း သိရသည်။

 

 

ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ် ၁၀ သန်းအောက် လုပ်ငန်း ရှစ်ခု၊ ငွေကျပ် ၁၀ သန်းမှ သန်း ၁၀၀ အကြား လုပ်ငန်း ခြောက်မျိုးနှင့် ငွေကျပ် သန်း ၁၀၀ အထက် လုပ်ငန်းတစ်မျိုး စုစုပေါင်းလုပ်ငန်း ၁၅ မျိုးအတွက် တင်ဒါခေါ်ယူ ခဲ့သည်။

 

 

တင်ဒါအောင်မြင်သူများအနေဖြင့် ငွေကျပ် ၁၀ သန်းအောက် လုပ်ငန်းရှစ်မျိုးကို Khaute Family Company၊ Pheitui Zuasiam Company ၊ Topa Hoih Hi Company ၊ Zozang Hornbill Company ၊ Mountain Prince Campany ၊ Ding Di Star Company ၊ Pute Company နှင့် Zua Banzal Company တို့က လည်းကောင်း၊ ငွေကျပ်သန်း ၁၀ မှ သန်း ၁၀၀ အကြား လုပ်ငန်းခြောက်မျိုးကို Pute Company ၊ Sing Lun Company ၊ Zomi Vision Company ၊ Zua banzal Company နှင့် စည်ပင်သာယာရေးဌာနတို့က လည်းကောင်း၊ ငွေကျပ်သန်း ၁၀၀ အထက် လုပ်ငန်းတစ်ခုအား Alpha MT Company တို့က လည်းကောင်း တင်ဒါအောင်မြင်ထားခြင်းဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း ၁၅ မျိုးအတွက် တင်ဒါအောင်မြင်သည့် ဈေးနှုန်း ၄၆၇ ဒသမ ၈၅၉ သန်း ရှိကြောင်း သိရသည်။

 

 

အဆိုပါ လုပ်ငန်းတင်ဒါ အောင်မြင်သူများစာရင်းကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ကြေညာထားကြောင်း သိရသည်။

 

 

လာလ်ပက်လောမ်(ပက်ကာ)