အိမ်မဲ၊  ၁၅  ဇန်နဝါရီ

 

 

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ရပ်ကွက် (သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး သင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၊ မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးထွန်းတို့က အမှာစကားပြောကြားပြီး အိမ်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

 

အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၁၀၂ အုပ်စုရှိပြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြိုတင်အသိပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ဇန်နဝါရီလ စတုတ္ထပတ်မှ ဖေဖော်ဝါရီလ ပထမပတ်ထိ လည်းကောင်း၊ ဆယ်အိမ်စု အစုအဖွဲ့နှင့် ရာအိမ်မှူး အစုအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် အသိပေးခြင်းကို ဖေဖော်ဝါရီလ ဒုတိယနှင့် တတိယပတ်တွင် လည်းကောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးကျေးရွာ တာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းကို ဖေဖော်ဝါရီလ စတုတ္ထပတ်၊ မတ်လ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

 

ချစ်သက်လယ်(ပြန်/ဆက်)