အင်းတော်၊ ၁၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးမောင်ထွေး၏ လယ်ယာမြေတွင် ဆောင်းသီးနှံ (မြေပဲ) သီးထပ်စိုက်ပျိုးမှုအား ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင် ဝန်ထမ်းများက ကွင်းဆင်းအသိပညာ ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများအတွင်းတွင် သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသခံတောင်သူများ အနေဖြင့် နည်းပညာ အခက်အခဲများရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
အင်းတော်မြို့နယ်တွင် ဇန်နဝါရီ ၁၅ ရက်အထိ ဆောင်းသီးနှံ သီးနှံစုံ ဧက ငါးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်ထံမှ သိရသည်။
ခန့်ဇော်ပိုင်(ပြန်/ဆက်)


