သရက်၊  ၁၅  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီးရှိ ခရိုင် (၅) ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း တရားမဝင်သစ်တန်ချိန်  ၁၇၇၅ တန်ခန့် ဖမ်းဆီးရရှိခဲ့ကာ သရက်ခရိုင်မှ တန်ချိန်အများဆုံး ပါဝင်ကြောင်း တိုင်းသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးက သိရသည်။

 

တန်ချိန်ဖမ်းဆီးရရှိမှု အများဆုံးဒေသမှာ သရက်ခရိုင်ဖြစ်ပြီး အနည်းဆုံး ဖမ်းဆီးရရှိသည့် ဒေသမှာ မကွေးခရိုင် ဖြစ်ကြောင်း၊ သရက်ခရိုင်မှ ၆၈၇ တန်၊ ဂန့်ဂေါခရိုင်မှ ၄၄၆ တန်၊ ပခုက္ကူခရိုင်မှ ၃၃၄ တန်၊ မင်းဘူးခရိုင်မှ ၂၂၀ တန်၊ မကွေး ခရိုင်မှ ၈၆ တန် အသီးသီး ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင် က အတည်ပြုသည်။

 

“ဒီလိုဖမ်းဆီးခဲ့တဲ့နေရာမှာ ပြည်သူတွေရဲ့ သတင်းပေးမှုတွေ ပါဝင်ပါတယ်။ သတင်းပေးတဲ့ ပြည်သူတွေကို အမည်မဖော်ပြဘဲနဲ့ နိုင်ငံတော်က ဆုချီးမြှင့်ပေးနေပါတယ်။ ဖမ်းဆီးရေးမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း ဂုဏ်ပြုပေးနေပါတယ်။ သစ်မှောင်ခို ထုတ်နိုင်တဲ့လမ်းတွေကို ဒိုဇာတွေနဲ့ လိုက်ပြီးဖျက်ဆီး နေရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ သရက်ခရိုင်မှာ သစ်တန်ချိန်အများဆုံး ဖမ်းဆီးနိုင်ခဲ့တာပါ ” ဟု ညွှန်ကြားရေးမှူး ဦးဌေးမောင် က ဆိုသည်။

 

ဖမ်းဆီးရမိသည့်သစ်များထဲတွင် ကျွန်း၊ သစ်မာ နှင့် အခြားသား သစ်လုံး၊ သစ်ခွဲသားများ အစုံပါဝင်ပြီး ပြုန်းတီးသွားသည့် သစ်တောများနေရာတွင် ပြန်လည်အစားထိုးနိုင်ရန် ပုဂ္ဂလိက ကျွန်း၊ သစ်မာစိုက်ခင်းများ၊ ရေဝေရေလဲ စိုက်ခင်းနှင့် ကျေးရွာသုံး ထင်းစိုက်ခင်းများ ခွင့်ပြုပေးထားကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး MRP စီမံကိန်းများလည်း လုပ်ဆောင်နေကြောင်း သစ်တောဦးစီးဌာနက သိရသည်။

 

ဇေယျတု(မကွေး)