သထုံ ၊ ၁၅ ဇန်နဝါရီ
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများ မိတ်ဆက် ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရုံးခန်းမ၌ ပြုလုပ်သည်။
ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဝင်းက ရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများ လိုက်နာရမည့် အချက်များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဦးမြင့်နိုင်ဦးက လုပ်ငန်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရေပေးရေး ကော်မတီများနှင့် တင်ဒါအောင်ကုမ္ပဏီတို့မှ တာဝန်ရှိသူများအား မိတ်ဆက်ပေးကာ ကျေးရွာအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ချပြရှင်းလင်းခဲ့သည်။
သထုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လက်တူးတွင်း၊ တွင်းတိမ်နှင့် အခြားစသည့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်းပေါင်း ၁၂ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၁၀ ကျော်ဖြင့် ကျေးရွာပေါင်း ၁၂ ရွာ၌ တင်ဒါအောင်ကုမ္ပဏီ ငါးခုတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)


