မုံရွာ၊ ၁၅ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)ခုရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စု အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာ အကောင်အထည်ဖော်နေတဲ့ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းက ကိုရီးယား နိုင်ငံအကူအညီနဲ့ ကျေးရွာ(၁၀)ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ကျေးရွာ(၁၀)ရွာကို အခုလက်ရှိ လုပ်ဆောင်နေတယ်၊ အခုဘဏ္ဍာရေးနှစ်မှာတော့ ပြည်ထောင်စုအစီအစဉ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ် (၉)မြို့နယ်က ကျေးရွာ(၁၀)ရွာမှာ အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စစ်ကိုင်း၊ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ကနီ၊ မော်လိုက်၊ ဖောင်းပြင်၊ တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ပြည်ထောင်စုအစီအစဉ်ဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


