၁၅ ဇန်နဝါရီ

 

 

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ကာနာတာကာပြည်နယ်တွင် ယနေ့ မနက်ပိုင်းက မီနီဘတ်စ်တစ်စီးနှင့် ထရပ်ကားတစ်စီး မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး အခြားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

 

ကာနာတာကာပြည်နယ်မြို့တော် ဘန်ဂလာရူမှ ကီလိုမီတာ ၄၃၀ အကွာ ဟတ်ဘ်ဘယ်လီ-ဒါဝတ်ဒ် မြို့ရှောင်လမ်းတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်း အမျိုးသားအပြင် အခြားခရီးသည် အမျိုးသမီး ၁၀ ဦး သေဆုံးခဲ့သည်။

 

 

ထိုယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူများကို ဆေးရုံတင်ထားကြောင်းနှင့် ၎င်းဒဏ်ရာရသူများအနက် ငါးဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုခရီးသည်များ ပါသည့် ယာဉ်သည် အနီးနားရှိ ဂိုအာပြည်နယ်သို့ ဦးတည်သွားနေခြင်းဖြစ်သည်။

 

 

၎င်းမြို့ရှောင်လမ်းသည် ဘန်ကလာရူမြို့မှ ၃၄၇ ကီလိုမီတာအကွာ ချန်နိုင်းမြို့၏တောင်ပိုင်းနှင့် မွမ်ဘိုင်းမြို့တို့ကို ဆက်သွယ်ထားသည့် တစ်ခုတည်းသော အဝေးပြေးလမ်းမကြီး ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို