ကျိုက်မရော၊ ၁၅ ဇန်နဝါရီ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်း  ယခု ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂၉၀  အသုံးပြုကာ ကျေးရွာ ၁၆ ရွာ၌ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုထံမှ သိရသည်။

 

ကျိုက်မရောမြို့နယ်အတွင်း ယခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈၁ ဒသမ ၉၁ သန်း၊ မွန်ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၆၇ ဒသမ ၁ သန်း၊ စုစုပေါင်းငွေကျပ် ၂၄၉ ဒသမ ၀၁ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်း၊ ကုန်ထုတ်တံတားငါးစင်းနှင့် ကျေးရွာ ၁၄ ရွာတွင် ကျေးလက်ရေပေးလုပ်ငန်း ၁၄ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မြို့နယ်အဆင့် တင်ဒါလုပ်ငန်းစဉ်များချပြ ရှင်းလင်းခြင်း ဆောင်ရွက်ပြီးကာ မကြာမီလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုက ပြောပြသည်။

 

အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများမှာ ကြခတ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် တစ်မိုင်နှင့် လုံပိကျေးရွာ ကုန်ထုတ်လမ်း အရှည် ၆ ဒသမ ၈၂ ဖာလုံတို့ကို အမြင့် မြေသားတစ်ပေထု ဂဝံမြေနီကိုးလက်မထုခင်းခြင်း၊ ကုန်ထုတ်တံတားအဖြစ် အရှည် ၂၀ ပေ အကျယ် ၁၅ ပေ အမြင့် ၁၂ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ Box Culvert တစ်စင်းတည်ဆောက်ခြင်းနှင့် ရေပြွန် သုံးစင်းတည်ဆောက်ခြင်း၊ ကျေးလက်ရေပေးရေးလုပ်ငန်းအဖြစ် ကျေးရွာ ၁၄ ရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ကိုးခု၊ အခြား ရေရရှိရေးလုပ်ငန်း ငါးခု၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းရှစ်ခု၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှစ်ခု၊ ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းသုံးခု၊ အလျား ၅ ပေ အနံ ၅ ပေ အမြင့် ၇ ပေ ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း ၁၀ ခုနှင့် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေလက်ကုန်ထုတ်လမ်းတံတားများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာနှစ်ရွာရှိ  အိမ်ခြေ ၄၃၅ အိမ်၊ လူဦးရေ ၂၇၅၃ ဦးတို့ စိုက်ပျိုးမြေ ဧက ၁၂၅၀ အကျိုးပြုမည်ဖြစ်ကြောင်း၊ ကျေးလက်ရေပေးရေး လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာရှိ အိမ်ခြေ ၃၈၀၁ အိမ်၊ လူဦးရေ ၂၃၄၅၁ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်တို့အတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သန်းလွင်(မကွေး)