ရန်ကုန်၊ ၁၆ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ငါးနှစ်တာအတွင်း ၂ နှစ်တာကာလတွင် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မှု အားရကျေနပ်မှုမရှိဘဲ လိုအပ်ချက်များ ရှိသောကြောင့် လာမည့် ၅ နှစ်တာကာလ၌ တရားဥပဒေစိုးမိုးရေး လွှမ်းခြုံနိုင်ရန် ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းမောင်ထံမှ သိရသည်။
“လှိုင်သာယာမှာ တရားဥပဒေစိုးမိုးရေးက ဆက်တိုက်လုပ်ဆောင်ရမယ့် ကိစ္စပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာမှာ ၂ နှစ်တာ ကာလဆိုရင် ဒီမှာအားရကျေနပ်မှုမရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ဌာနတွေ ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဖို့လိုမယ်၊ ပြည်သူလူထုလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်။ သူတို့တွေအနေနဲ့ မခံစားနိုင်တော့ ပူးပေါင်းပါဝင်မှုရှိလာတယ်။ ပြည်သူတိုင်းတရားဥပဒေ စိုးမိုးချင်တယ်။ သက်ဆိုင်ရာဌာနတွေ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ ဒီထက်အားကောင်းဖို့ လိုတယ်လို့မြင်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ၄၅ မြို့နယ်အား တရားဥပဒေစိုးမိုးမှု လွှမ်းခြုံနိုင်ရန် ၂၀၁၆-ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှစတင်၍ ပြည်သူအခြေပြု ရဲလုပ်ငန်းစီမံချက်ဖြစ်သော ပိုင်းလော့ပရောဂျက်ကို ရှေ့ပြေးလေးမြို့နယ်အဖြစ် လှိုင်သာယာမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ကမာရွတ်မြို့နယ်နှင့် သံလျင်မြို့နယ်တို့၌ ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ပြီး ထိုလေးမြို့နယ်မှ ဆက်လက်တိုးချဲ့ကာ ကျန်သောမြို့နယ်များကိုလည်း တရားဥပဒေစိုးမိုးရေးလုပ်ငန်း စဉ်များကို ရဲတပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေး၊ ပြည်သူအခြေပြုအဖွဲ့နှင့် ရပ်ကွက်ပြည်သူတို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရန်ကုန်မြို့နေပြည်သူတို့ကို ချီးကျူးဂုဏ်ပြုထောက်ပံ့မှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၈-ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ပြည်သူအခြေပြု ရဲလုပ်ငန်းများ အရှိန်လျော့ကျသွားပြီး မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာများ တရားဥပဒေစိုးမိုးရေး လွှမ်းခြုံနိုင်မှုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ်က “ဒီနောက်ပိုင်းမှာ ဖြစ်စဉ်တွေများလာတော့ တရားဥပဒေစိုးမိုးမှု အားရကျေနပ်မှုမရှိဘူး။ လာမယ့်သက်တမ်းမှာ တရားဥပဒေစိုးမိုးရေးဟာ ထိပ်ဆုံးကလုပ်သွားရမယ့် ကိစ္စပါ။ တရားဥပဒေမှ မစိုးမိုးဘူးဆိုရင် ကျန်တာတွေလုပ်ရတာခက် သွားလိမ့်မယ်။ ဒါကြောင့် လာမယ့် ၅ နှစ်တာ လှိုင်သာယာမှာ တရားဥပဒေစိုးမိုးရေး ရရှိဖို့တင်ပြ ဆောင်ရွက်သွားမှာပါ” ဟု ဖြည့်စွက်ပြောသည်။ လှိုင်သာယာမြို့နယ်အား အရှေ့ပိုင်းနှင့် အနောက်ပိုင်း မြို့နယ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှ စတင်၍ မြို့နယ်နှစ်ခုခွဲ၍ တရားဥပဒေစိုးမိုးမှု ပိုမိုဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းထိ မှုခင်းကျဆင်းမှု မရှိသည့်အတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များက တရားဥပဒေစိုးမိုးရေးကို လာမည့် ၅ နှစ်တာကာလ၌ လှိုင်သာယာမြို့နယ်အား လွှမ်းခြုံနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းထိုက်


