ကသာ၊  ၁၆  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ သပြေပင်ကျေးရွာရှိ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းသည် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့က တာဝန်ရှိသူများ၏ သွားရောက်စစ်ဆေးချက် အရ သိရသည်။

အဆိုပါကျေးရွာရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှ ဆောင်ရွက်သည့် ကျေးရွာတွင်း သဲကျောက်လမ်းခြင်းလုပ်ငန်းသည် မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ကျေးရွာ၏ ရွာအဝင် ရွာဦးလမ်းပိုင်းမှ ရွာတွင်းလမ်းပိုင်း အရှည်ပေ ၂၆၄၀ အကျယ် ၁၄ ပေနှင့် အမြင့်ထု လက်မရှိသည့် သဲကျောက်လမ်းဖြစ်ကြောင်း၊ ကျေးရွာရှိ ဒေသခံပြည်သူများသည်လည်း အဆင်ပြေစွာ သွားလာရသည့် အတွက် ဝမ်းသာလျက်ရှိကြောင်း သိရသည်။

ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကသာမြို့နယ်၊ စကားကုန်းကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင်ရွက်ရာတွင် ပဉ္စမအကြိမ်အထိ အတိုးရရှိငွေကျပ် ၃၄၁ သိန်းကျော်ရရှိရာ အဆိုပါအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်သည့် သဲကျောက်လမ်းခင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါကျေးရွာ၌ ယခင်နှစ်များတွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိ ကျောင်းဆရာ/ဆရာမ နေအိမ်များ တည်ဆောက်ခြင်းနှင့် ငွေကျပ် သိန်း ၃၀ တန်ဖိုးရှိ ..က ကျောင်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေ၏ အတိုးရငွေများမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲအောင်(ကသာ)