မိုင်းပန် ၁၆ ဇန်နဝါရီ       

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် ဆောင်းသီးနှံ ကြက်သွန်ဖြူစိုက် တောင်သူများအနေဖြင့် G.A.P (Good Agricultural Practices) အသိအမှတ်ပြုလက်မှတ် ရရှိရန်အတွက် တောင်သူ ၁၁၂ ဦးမှ စိုက်ဧက ၅ဝဝ အတွက် လျှောက်ထားမှုအပေါ် ခရိုင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ ဇန်နဝါရီ ၁၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လင်းခေးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်း ဦးဆောင်၍ ခရိုင်မြေအသုံးချရေး တာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေး တာဝန်ခံတို့နှင့် အဖွဲ့ဝင်များမှ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်အတွင်း၌ မိုင်းပန်မြို့တွင် ဆောင်းသီးနှံကြက်သွန်ဖြူ (G.A.P) အသိအမှတ်ပြု လက်မှတ်ရရှိရန် လျှောက်ထားသည့် စိုက်ဧကများသို့ (Field Inspection) ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းပန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ယခင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွင်းတွင် စိုက်ဧက ၉၅ ဧကအတွက် တောင်သူ ၂၁ ဦးအား ဆောင်းသီးနှံ ကြက်သွန်ဖြူ (G.A.P) အသိအမှတ်ပြု လက်မှတ်များထုတ်‌ပေးပြီးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထံမှ သိရှိရသည်။

ဆန်းမြင့်(ပြန်/ဆက်)